(ဈ)-အဆိုပြုသစ်တောကြိုးဝိုင်းများ၊ဘေးမဲ့တောများ ကိုပြန်လည် ပြင်ဆင်သတ်မှတ်ပေးရန်နှင့် စပ်လျဉ်းသည့် မေးခွန်း
ဦးလှထွန်း (ခန္တီး မဲဆန္ဒနယ်)
မြန်မာနိုင်ငံဒေသအသီးသီးတွင် သစ်တောကြိုးဝိုင်းများ၊ ဘေးမဲ့တောများ ထိန်းသိမ်းနေခြင်းသည် အင်မတန်ကောင်းမွန်သော လုပ်ဆောင်ချက်ဖြစ်ပြီး တိုးချဲ့ သတ်မှတ်သင့်တဲ့နေရာများကိုလည်း တိုးချဲ့သတ်မှတ်ဖို့လိုပါကြောင်း၊ ထိုကဲ့သို့ တိုးချဲ့ သတ်မှတ်သည့်နေရာများတွင် စိုက်ပျိုးမြေ၊ ရွာမြေများနှင့် လွတ်ကင်းသော ဒေသများကို သတ်မှတ်ရန် ညွှန်ကြားထား မည်ဟုလည်း ယုံကြည်ပါကြောင်း၊ သို့ရာတွင် ဟူကောင်း ဘေးမဲ့အဆိုပြုတော သတ်မှတ်သည့် နေရာတွင် ခန္တီးမြို့နယ်က ကျေးရွာ ၆ ရွာ နှင့် စိုက်ပျိုးမြေများ၊ နန်းယွန်း မြို့နယ်က ကျေးရွာ ၅ ရွာနှင့် စိုက်ပျိုးမြေများ ကချင်ပြည်နယ်၊ ချီဖွေယန်မြို့နယ်ခွဲက ကျေးရွာများနှင့် စိုက်ပျိုးမြေများပါဝင်နေကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနအနေဖြင့် ပထမ အကြိမ် ကျေးရွာပေါင်း ၁၂၁၃ ရွာ၊ စိုက်ပျိုးမြေပေါင်း ၃၄၅၈၈၉.၁၃ ဧက ကြိုးပြင်တော၊ ကာကွယ်တောများမှ ပယ်ဖျက်ပြီးကြောင်းနှင့် ဒုတိယအကြိမ် ထပ်မံပယ်ဖျက်ရန်စီစဉ်ဆောင်ရွက်နေကြောင်း ပြည်ထောင်စု နေ့စဉ်သတင်းစာတွင် ဖော်ပြထားရှိရာ ဟူးကောင်းဘေးမဲ့တော ပါဝင်ခြင်းရှိ/မရှိနှင့် ကျေးရွာမြေ၊ စိုက်ပျိုးမြေများပါဝင်နေသော သစ်တောကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တော၊ အဆိုပြုကြိုးဝိုင်း၊ ဘေးမဲ့တော၊ အဆိုပြုဘေးမဲ့တော့၌ ဆက်လက်ပြီး ပယ်ဖျက်သွားရန် အစီအစဉ်ရှိ/မရှိ မေးမြန်းပါသည်။