(က)-နေ့ကလေးထိန်းဌာနနှင့် မူလတန်းကြိုကျောင်းများတွင် နိုင်ငံတော်အစီအစဉ်ဖြင့် အာဟာရကျွေးမွေးရန် အစီအစဉ်ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း
မြန်မာနိုင်ငံရှိ (၅) နှစ်အောက်ကလေးငယ်များ၏ ကျန်းမာရေးအဆင့်အတန်းအရ ရှိသင့်သော ကိုယ်အလေးချိန်၊ အရပ်အမောင်း၊ ပိန်လီမှုအခြေအနေများနှင့် ပတ်သက်၍ ၁၉၉၇ ခုနှစ် National Centre for Health Sensitive စံနှုန်းအရ (၅) နှစ်အောက် မြန်မာကလေးငယ်များအနက် ၃၈.၆ ရာခိုင်နှုန်းသည် ကိုယ်အလေးချိန်လျော့နည်းနေပြီး ၄၁.၆ ရာခိုင်နှုန်းသည် အရပ်ပုနေ၍ ၈.၂ ရာခိုင်နှုန်းသည် ပိန်လီနေပါကြောင်း၊ ၂၀၁၀ ခုနှစ်တွင် ၂၈ ရာခိုင်နှုန်းသည် ကိုယ်အလေးချိန်လျော့နည်းနေပြီး ၂၈.၆ ရာခိုင်နှုန်းသည် အရပ်ပုနေ၍ ၇.၇ ရာခိုင်နှုန်းသည် ပိန်လီနေပါကြောင်း၊ ထောင်စုနှစ်ရည်မှန်းချက်ဖြစ်သည့် ၂၀၁၅ ခုနှစ်၌ ကိုယ်အလေးချိန်လျော့နည်းမှုနှုန်း ၁၉.၃ ရာခိုင်နှုန်းသို့ ရောက်ရှိနိုင်ရန် အလှမ်းဝေးနေဆဲဖြစ်သည်ကို ကျန်းမာရေးဝန်ကြီးဌာနမှ သိရှိရပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန်းအောင်ကလည်း ၃-၆-၂၀၁၄ ရက်နေ့တွင် ပြည်သူ့လွှတ်တော်၌ အာဟာရ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျန်းမာရေးဦးစီးဌာန အာဟာရဌာနစိတ်မှ အဓိကတာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်တွေသာမက ခရိုင်နှင့် မြို့နယ်အဆင့်များအထိ တိုးချဲ့ဖွဲ့စည်းရန် ဆောင်ရွက်နေသော်လည်း အကောင်အထည် မဖော်နိုင်သေးပါကြောင်း ပြောကြား သွားသည်။ နိုင်ငံတော်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးတွင် မရှိမဖြစ်လိုအပ်သော အနာဂတ်မျိုးဆက်သစ်များအတွက် အာဟာရပြည့်မီအောင် ဆောင်ရွက်ပေးရန် လိုအပ်သောအသက် ခြောက်လမှ ငါးနှစ်အရွယ် ကလေးများသည် လွှတ်တော် အတွင်းရေးဆွဲပြဋ္ဌာန်းလျက်ရှိသည့် ရှေးဦးကလေးသူငယ်ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာဥပဒေကြမ်းအရ နေ့ကလေးထိန်းဌာနများနှင့် မူလတန်းကြိုကျောင်းများ စုဝေးတည်ရှိနေပါကြောင်း၊ ထောင်စုနှစ်ရည်မှန်းချက်ကို ပြည့်မီရေးနှင့် မျိုးဆက်သစ် လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးအတွက် ဆောလျင်စွာဆောင်ရွက်သင့်ပါသဖြင့် လူမှုရေး အဖွဲ့အစည်းများ၊ ပြည်သူလူထုများ နှီးနွယ်သောဌာများနှင့် ပေါင်းစပ်၍ အလျင်အမြန် အကောင်အထည်ဖော် သင့်သည်ဖြစ်ရာ နေ့ကလေးထိန်း ဌာနများနှင့် မူကြိုကျောင်းများ၌ နိုင်ငံတော်အစီအစဉ်ဖြင့် အာဟာရကျွေးရန် အစီအစဉ်ရှိ/မရှိနှင့် ရှိပါက မည်သည့်အချိန်ကာလတွင် ဆောင်ရွက်မည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။