(င)-ထွက်ပြေးတိမ်းရှောင်နေသည့်တရားခံပြေး များကို ဖမ်းဆီးရမိရန်မည်သို့ဆောင်ရွက်လျက် ရှိခြင်းနှင့်တရားခံပြေးများစာရင်းကိုဖော်ပြပေးနိုင်ခြင်း ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
မြန်မာနိုင်ငံအတွင်းရှိ မှုခင်းဖြစ်စဉ်များမှာ မှုခင်းကျူးလွန်ပြီးနောက် မြို့၊ ရွာအနှံ့တွင် ထွက်ပြေးတိမ်းရှောင်နေသော တရားခံများမှာ တစ်နေ့တခြား များပြားလာပြီး နောက်ထပ်မှုခင်းများ ကျူးလွန်လေ့ရှိကြောင်းကို ကြားသိရပါသည်။ မြန်မာနိုင်ငံတွင် တရားခံပြေး (၄)မျိုးရှိပါကြောင်း၊ မိမိရဲစခန်းမှ အလိုရှိသော ပြန်တမ်းဝင်တရားခံပြေး၊ အခြားရဲစခန်းများမှအလိုရှိသော ပြန်တမ်းဝင်တရားခံပြေး၊ မိမိရဲစခန်းမှအလိုရှိသော ပြန်တမ်းမဝင်တရားခံပြေးနှင့် အခြားရဲစခန်းများမှာအလိုရှိသော ပြန်တမ်းမဝင် တရားခံပြေးများပင် ဖြစ်ပါကြောင်း၊ ၂၀၁၄ ခုနှစ် ဇွန်လကုန်ထိ ပြန်တမ်းဝင်တရားခံ ၉၁၀ ပြန်တမ်းမဝင်တရားခံပြေး ၁၂၄၉၄ ယောက် စုစုပေါင်း ၁၃၄၀၄ ယောက်ဖြစ်ပါကြောင်း၊ ၈.၁၁.၂၀၁၅ ရက်နေ့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှတဆင့် သိရှိရသည့်သတင်းအချက်အလက်အရ ၂၀၁၄ ခုနှစ် ဧပြီလမှ စတင်ပြီး ဒီဇင်ဘာလအထိ တရားခံပြေး စုစုပေါင်း ၂၇၃၉ ဦးကို ပြန်လည်ဖမ်းဆီးနိုင်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၏ စာရင်းအရလွတ်မြောက်နေသော တရားခံပြေးများမှာ ၁၀၆၆၅ ဦးရှိပါကြောင်း၊ ၎င်းတရားခံပြေး ၁၀၀၀၀ ကျော်ကို မြန်မာနိုင်ငံနေရာအနှံ့အပြားနှင့် ကျေးလက်ဒေသများတွင်လည်း ပုန်းအောင်းနေထိုင်လျှက်ရှိပါကြောင်း၊ ရန်ကုန်မြို့တော်ထဲမှာပင် တရားခံပြေး ၁၃၀၀ ကျော်ရှိသည်ဟု သတင်းများက ပြောနေကြရာ တရားခံပြေးများသည် နောက်ထပ် လုယက်မှု၊ လူသတ်မှု၊ မဒိမ်းမှု၊ ခိုးမှု၊ နာကျင်စေမှုနှင့် ယာဉ်တိုက်မှုတို့ကို ကျူးလွန်ကြပါကြောင်း၊ တစ်နိုင်ငံလုံးတွင် ၂၀၁၄ ခုနှစ် နိုဝင်ဘာလ အတွင်း အမှုပေါင်း ၂၃၀၀ ကျော်ဖြစ်ပွားခဲ့ပြီး နာကျင်မှုနှင့် မဒိမ်းမှုဖြစ်စဉ်များ ပိုမိုဖြစ်ပွားခဲ့ကြောင်းနှင့် ကျူးလွန်သူမမိသေးသည့်အမှုနှင့် တရားစွဲရန် ကျန်ရှိသည့်အမှုပေါင်း ၂၀၀၀ ကျော်ရှိနေသည်ဟု သတင်းများတွင် ဖော်ပြထားပါကြောင်း။
သက်ကြီးရွယ်အိုများကို အိမ်တွင် တစ်ဦးတည်းရှိနေစဉ် သတ်ဖြတ်၍ ရွှေ၊ ငွေ ပစ္စည်းတို့ကို ယူဆောင်သွားသည့် ဖြစ်စဉ်များနှင့် လူမဆန်စွာ ရက်ရက်စက်စက် သတ်ဖြတ်သည့်မှုခင်းများကို သတင်းစာများတွင် ကြားသိနေရပါကြောင်း၊ ထို့အပြင် လုယက်မှုနှင့် ဓားပြမှုများလည်း နေရာအနှံ့အပြားတွင် ပုံစံအမျိုးမျိုးနှင့် ဖြစ်ပွားနေပါကြောင်း၊ တရားခံပြေးများနှင့် ဆက်စပ်သည့် မှုခင်းများ ဖြစ်နေမည်ကို ပြည်သူလူထုအနေဖြင့် စိုးရိမ်ပူပန်နေကြပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အေးချမ်းတည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုဓလေ့ထုံးစံများထိန်းသိမ်းရေး၊ ပြည်သူများ၏ ဘဝလုံခြုံရေးနှင့် အသက်အိုးအိမ် စည်းစိမ်အတွက် စိတ်သောကများနှင့် စိုးရိမ်ပူပန်မှုများရှိနေရသည့်အတွက် မြန်မာနိုင်ငံအတွင်း မှုခင်းဖြစ်စဉ်များ ကျူးလွန်ပြီး နောက် ထွက်ပြေးတိမ်းရှောင်နေသော တရားခံများအား ဖမ်းဆီးရမိရန် မည်ကဲ့သို့ စီမံချက်များထား၍ ဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တရားခံပြေးဦးရေစာရင်းများကို ဖော်ပြနိုင်ခြင်းရှိ/မရှိကို သိရှိလိုကြောင်း မေးမြန်းပါသည်။