(ခ)-ကမ္ဘာ့ရေနံစိမ်း ဈေးနှုန်းကျဆင်းနေမှုအပေါ် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် မည်ကဲ့သို့ ထိန်းညှိဆောင်ရွက်နေသည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် ၂၀၁၀ နောက်ပိုင်း နိုင်ငံရေးအပြောင်းအလဲ၊ စီးပွားရေးအပြောင်း အလဲ ပြုလုပ်သည့်အခါ ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ လွတ်လပ်မျှတသော ဈေးကွက်မျိုးဖြစ်ရန် ပေါ်လစီများ ချမှတ်လုပ်ကိုင်သည်ကိုတွေ့ရှိရပါကြောင်း၊ ယခုအချိန်တွင် လောင်စာဆီ နှင့် ပတ်သက်၍ တွေ့မြင် နေရသည်မှာ ကမ္ဘာ့ရေနံဈေးသည် လွန်ခဲ့သော ခြောက်လခန့်ကတည်းက ၅၀ ရာခိုင်နှုန်း ခန့် ကျဆင်းနေသော်လည်း ပြည်တွင်းတွင် လောင်စာဆီဈေးနှုန်းများ သိသာစွာ ကျဆင်း ပြောင်းလဲ ခြင်း မရှိသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ပြင် ပုဂ္ဂလိကစက်သုံးဆီရောင်းချသူများအနေဖြင့် လောင်စာဆီကို ဝယ်ယူရာတွင် FOBဖြင့် ပေးချေရပြီး ၎င်းတွင်မှ ဝယ်ယူသော ပေါက်ဈေးအပေါ် Tax ပေးရခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် ဝယ်ယူသည့် ဈေးနှင့် ရောင်းချသည်ဈေးသည် ယခုခြောက်လကျော်သည့် အချိန်အထိ အပြောင်းအလဲမရှိပါကြောင်း၊ သို့ပါ၍ ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းကျဆင်းမှုအပေါ် ပြည်သူ့ သမ္မတမြန်မာနိုင်ငံတော် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် မည်ကဲ့သို့ထိန်းညှိ ဆောင်ရွက်နေသည်နှင့် မည်သို့ ကာကွယ်မှုများ ပေးနိုင်သည်ဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။