(ဂ)-ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်ခရိုင်နှင့် လင်းခေးခရိုင်အတွင်းရှိ မြို့နယ်များအား နယ်စပ်ဒေသဖွံ့ဖြိုးရေး စီမံကိန်းနယ်မြေများအဖြစ် ဖွဲ့စည်းသတ်မှတ် ပေးနိုင်ခြင်း ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-18
မေးခွန်း အကြောင်းအရာ 

နယ်စပ်ဒေသဖွံ့ဖြိုးရေး စီမံကိန်းများ ဆောင်ရွက်ရာတွင် လက်ရှိအခြေအနေအထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးစီမံကိန်းမှ အကျုံးဝင်သော မြို့နယ်စုစုပေါင်း ၇၃ မြို့နယ်ဖြစ်ပြီး ရှမ်းပြည်နယ်တွင် ၃၀ မြို့နယ်ဖြစ်သည်ကို သိရှိရပါကြောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)ဒေသ ၉ မြို့နယ်တွင် တောင်ကြီး၊ ညောင်ရွှေ၊ မောက်မယ်၊ ဖယ်ခုံ၊ ဟိုပုန်း၊ ဆီဆိုင်၊ ပင်လောင်း၊ ပင်းတယနှင့် ရွာငံတို့ဖြစ် ပါကြောင်း၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမြို့နယ်များဖြစ်သည့် ဟိုပုန်း၊ ဆီဆိုင်၊ ပင်လောင်းမြို့နယ်များနှင့် ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပင်းတယ၊ ရွာငံမြို့နယ်များအတွက် သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များအနေဖြင့် ကိုယ်တိုင်စီမံချက်ရေးဆွဲကာ ရှမ်းပြည်နယ်ဘတ်ဂျက်၊ ပြည်ထောင်စုဘတ်ဂျက်သို့ ခွဲဝေတင်ပြတောင်းဆို သုံးစွဲခဲ့ကြသည်ကို သိရှိရ ပါကြောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းရှိ တောင်ကြီး၊ ညောင်ရွှေ၊ ဟိုပုန်း၊ ဆီဆိုင်၊ ပင်လောင်း အစရှိသည့် မြို့နယ်များမှ ၁၉၈၉ ခုနှစ်မှစပြီး နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို စတင်အကောင်အထည်ဖော်ခဲ့ရာ ထိုက်သင့်သလောက် ဖွံ့ဖြိုးမှုရလဒ်များ ရနေပြီဖြစ်သော်လည်း လွိုင်လင်ခရိုင်နှင့် လင်းခေးခရိုင်အတွင်းရှိ မြို့နယ်များမှ ဖွံ့ဖြိုးမှု အလွန်နှောင့်နှေးနေပြီး အဆိုပါခရိုင်နှစ်ခုအတွင်း ဖွံ့ဖြိုးရေးအဖွဲ့အစည်းများ အခြေပြုဒေသများအတွက်သာ လက်နက်ငြိမ်းချမ်းရေးချောင်းစဉ်ဖြင့် ထိုက်သင့်သည့် ရန်ပုံငွေအချို့ကို သုံးစွဲခွင့်ရပြီး ခရိုင်အတွင်း မြို့နယ်အများစုမှာ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးစီမံကိန်းမြို့နယ်များမှ အကျုံးမဝင်သဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ရန် အခက်အခဲများ ကြုံတွေ့နေရပါကြောင်း၊ လက်ရှိအခြေအနေတွင် အေးချမ်းတည်ငြိမ်သော မြို့နယ်များဖြစ်၍ နယ် စပ်ဒေသဖွံ့ဖြိုးရေးနယ်မြေအား ကွန်ဟိန်းမြို့နယ်အပါအဝင် လွိုင်လင်ခရိုင်နှင့် လင်းခေးခရိုင်အတွင်းရှိ မြို့နယ်များအား တိုးချဲ့ပြောင်းလဲပြင်ဆင်သတ်မှတ်ပေးရန် လိုအပ်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ လေးခေးခရိုင်အတွင်းရှိ မြို့နယ်များကို ဖွံ့ဖြိုးရေးအထူး ပြုလုပ်ပေးသော နယ်မြေအဖြစ် သတ်မှတ်ပြုလုပ်ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ၊ ၁၉၈၉ ခုနှစ်က သတ်မှတ်ထားသည့် ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ရန်နယ်မြေအား ကွန်ဟိန်းမြို့နယ်အပါအဝင် လွိုင်လင်ခရိုင်နှင့် လင်းခေးခရိုင်ရှိမြို့နယ်များအား အမြန်ဆုံးတိုးချဲ့ ပြောင်းလဲပြင်ဆင်သတ်မှတ်ပေးရန် အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် တိုးချဲ့ပြင်ဆင်ပြောင်းလဲပေးမည်နှင့် မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိ လိုကြောင်း မေးမြန်းပါသည်။