(ခ)-မြေဂရန်လျှောက်ထားရာတွင် လွန်စွာခက်ခဲ၍ အစိုးရနေဖြင့် မြေဂရန်များကို စီစဉ်ဆောင်ရွက်ပေး ရန်နှင့်မြန်မာနိုင်ငံရှိမြို့တိုင်းတွင်စီမံချက်ချ၍တရားဝင် လူနေရန်မြေကွက်သစ်များချထားပေးရန်အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
ပျော်ဘွယ်မြို့တွင် ယခုအခါမြို့ပေါ် (၉)ရပ်ကွက်ရှိပြီး ရှေးယခင်ကတည်းက နေထိုင် ခဲ့ကြသောပြည်သူ များမှာ မြေဂရန်လျှောက်ထားရာတွင် အကြောင်းအမျိုးမျိုးသော အမိန့်ညွှန်ကြားချက်၊ စည်းကမ်းချက်များကြောင့်၊ မြေဂရန်ရောက်ရှိနိုင်ရန် လွန်စွာခက် ခဲပြီး ယနေ့တိုင်လည်း ယခင်ကတည်းက နေထိုင်ခဲ့ကြသူများ မှာ မြေပေးမိန့်မရှိ ဟူသော အကြောင်းပြချက်ဖြင့် ဂရန်မရှိဘဲ ဖြစ်နေကြပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အစိုးရ အနေဖြင့် အချို့သောစည်းကမ်းချက်ဆောင်ရွက်ချက်များကို ဖြေလျော့ပြီး ပိုင်ဆိုင်မှုခိုင်လုံ သည်ဟု ယူဆသူများအား အားလုံးကို လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် မြို့နယ်လုံး ကျွတ်ထုတ်ပေးသကဲ့သို့ မြေဂရန်များကို မြို့နယ်လုံးကျွတ် One Stop Service အစီအစဉ်ဖြင့် ဆောင်ရွက်ပေးရန်၊ အစီအစဉ်ရှိ/မရှိ၊ ပျော်ဘွယ်မြို့နယ်အပါအဝင် ရန်ုကုန် - မန္တလေးမြို့ကြီးများနှင့် မြို့ပြတိုင်းတွင် လူဦးရေ ထူထပ်လာပြီး နေထိုင်စရာ မရှိတော့ သည့်အတွက် လယ်ယာမြေများကို ကျူးကျော်ကာ မြို့ကွက်ပုံစံမကျသော ရပ်ကွက်များဖြင့် ထူထောင်ပြီး နေထိုင်နေကြ ရပါကြောင်း၊ ထိုသို့ နေထိုင်ကြရာတွင် ပြည်သူလူထုအနေဖြင့် ပိုင်ဆိုင်မှု မြေဂရန် မရရှိနိုင်ခြင်းတို့ကြောင့် တရား မဝင်နေရခြင်း၊ လမ်းပန်းဆက်သွယ်ရေး အကွက်မကျခြင်း၊ မီးလောင်မှုဖြစ်ပါက ဝင်ရောက်မီးငြိမ်းသတ်ရန် ခက်ခဲခြင်း၊ ရေစီးရေလာမကောင်းမွန်ခြင်း၊ လိုအပ်သော ဈေး၊ အဆောက်အအုံများမရှိခြင်းတို့အပြင် လူနေမှု နိမ့်ပါး စွာနေကြရပါကြောင်း၊ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံအဝှမ်းတိုးမြှင့်လာသော လူဦးရေနှင့်အညီ မြို့ပြတိုင်း၌ လူနေရပ်ကွက် များကိုစနစ်တကျ စီမံချက်ချ၍တရားဝင် လူနေရန်မြေကွက်သစ်များ ချထားပေးရန် အစီအစဉ်ရှိ/မရှိသိရှိလို ပါကြောင်း မေးမြန်းပါသည်။