(က)-လက်ပံတန်းမြို့နယ်၊ မကျီးကွင်းကျေးရွာစား ကျက်မြေပေါ်တွင်ကျွဲနွားများလွှတ်ကျောင်းနိုင်ရေး အတွက်မည်သို့ စီမံဆောင်ရွက်ပေးမည်ကိုသိ လိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
လက်ပံတန်းမြို့နယ်အတွင်းရှိ မကျီးကွင်းကျေးရွာ စားကျက်ကို မကျီးကွင်း ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ဂွေးတောက်ကွင်းကျေးရွာအုပ်ချုပ်ရေးမှူး၊ စားကျက်ကျူးကျော်သူ တောင်သူအချို့နှင့် ခရိုင်အုပ်ချုပ်ရေးမှူးတို့ ညှိနှိုင်းပြီး ဒေသဖွံ့ဖြိုးရေး အတွက်ဟူ၍ ကော်မတီတစ်ခုကို ၎င်းစားကျက်မြေနှင့် ဆက်နွယ်နေသော ကျေးရွာခြောက်ရွာမှ တောင်သူများမသိရှိဘဲ ရောင်းချခဲ့ခြင်း ကို သဘောမတူကြောင်း ဒေသခံများမှ တင်ပြသည့်အတွက် အဆိုပါစားကျက်မြေနှင့် စပ်လျဉ်း မေးမြန်းလိုပါကြောင်း။
စာတွင်ပါဝင်သော အချက်အလက်များအနေဖြင့် ၎င်းမကျီးကွင်းကျေးရွာစားကျက်သည် လက်ပံတန်း မြို့နယ် မကျီးကွင်းကျေးရွာ အုပ်စု ကွင်းအမှတ်(၁၁၅၉)၊ ဦးပိုင်အမှတ် (၅၅ N Do. no ၁၉၅၄-၁၉၅၅) အရ ခွင့်ပြုပေးထားသည့် စားကျက်မြေဖြစ်ကြောင်း၊ ၁၆၃.၆၂ ဧကရှိကြောင်း၊ ရန်ကုန်-ပြည် လမ်းမကြီး၏ တောင်ဘက်တွင်ကပ်လျက်ရှိကြောင်း၊ ကျေးရွာခြောက်ရွာမှ ကျွဲ၊ နွားများလွှတ်ကျောင်း ရန် စားကျက်မြေဖြစ်ကြောင်း ၁၉၇၂ ခုနှစ်တွင် ဒေါ်စောညွှန့်ပါ တောင်သူ ၁၆ ဦးက ဓားမဦးချ လယ်ယာမြေကျူးကျော်စိုက်ပျိုးခဲ့ရာမှ ၁၉၈၄ ခုနှစ်အထိ စိုက်ပျိုးခဲ့ကြကြောင်း ၎င်းစားကျက်မြေ နှင့်ပတ်သက်ပြီး မကျီးကွင်းကျေးရွာမှ နွားမွေးမြူသူ တောင်သူဦးအောင်ဖေပါ တောင်သူ ၉၄ ဦးက နွားစာမလုံလောက်သည့်အတွက် စားကျက်မြေပြန်လည်ဖော်ထုတ်ပေးပါရန် မြို့နယ်ပြည်သူ့ ကောင်စီကို တင်ပြပြီး ၁၇-၆-၁၉၈၄ ရက်နေ့မှာ စားကျက်မြေအဖြစ် ပြန်လည်ဖော်ထုတ်ပေးခဲ့ကြောင်း ၁၉၈၄ မှ ၁၉၉၀ အထိ စားကျက်မြေ တည်ရှိခဲ့ကြောင်း၊ ၁၉၉၀ ခုနှစ်တွင် လယ်ယာစိုက်ပျိုးရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးမြင့်အောင်က ဌာနဆိုင်ရာခြောက်ခုနှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့နှစ်ခု၊ လူမှုရေးအဖွဲ့အစည်းကြီးတစ်ခုတို့ကို လုပ်ကိုင်ခွင့်ချထားပေးခဲ့ပြီး ၎င်းအဖွဲ့များက သီးစားခယူပြီး လုပ်ကိုင်စေခဲ့ရာမှ ၁၂-၈-၂၀၁၄ ရက်နေ့တွင် ကုမ္ပဏီတစ်ခုကို ယခုလိုရောင်းချသည်ကို သဘောမတူသည့် တောင်သူ ၄၄၉ ဦးက လက်မှတ်ရေးထိုးပြီး စားကျက်မြေမပယ်ဖျက်ရေးကို တင်ပြလာပါကြောင်း၊ ထို့ကြောင့် ၎င်းစားကျက်မြေနှင့် စပ်လျဉ်းပြီး စားကျက်မြေအဖြစ် ပယ်ဖျက် မည်ကို တောင်သူ ၄၄၉ ဦး၏ တင်ပြစာနှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် မည်ကဲ့သို့ စီမံထားသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။