(ခ)-မြောင်မြို့နယ်၏ဆက်သွယ်ရေးစခန်းတွင်မိုဘိုင်း ဖုန်းတိုင်သုံးတိုင်ပြည့်အောင်စိုက်ထူခွင့်ပြုပေးရန်နှင့် Sim Card များကို အခြားမြို့နယ်များထက် ပိုမို ခွင့်ပြုရောင်းချပေးရန်နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-18

ဦးအုန်းငွေ (မြောင်)မြောင်မြို့နယ်တွင် မိဘပြည်သူများ ဆက်သွယ်ရေးအတွက် လိုင်းအင်အား ၂၄၀ ပါသော SOC-8000 အော်တိုတယ်လီဖုန်း ကို ပြည်ထောင်စုအစိုးရဝန်ကြီးဌာနက တပ်ဆင်ပေးခဲ့ရာ တယ်လီဖုန်းလိုင်း ၂၃၆ လိုင်းကို မိဘပြည်သူများ အသုံးပြုနေကြ ရပါကြောင်း။ သို့သော်လည်း အသုံးပြုရာတွင် လိုင်းအဝင် ၁၅ လုံး၊ အထွက် ၁၅ လုံးသာရပြီး ဖုန်းလိုင်းများကြပ်နေပါကြောင်း။

အလားတူပဲ အနီးပတ်ဝန်းကျင်ရှိ အခြားမြို့နယ်များတွင် လွန်ခဲ့သောတစ်နှစ်ဝန်းကျင် ကတည်းက စတင် အသုံးပြုခွင့်ရနေသော မိုဘိုင်းတယ်လီဖုန်း GSM, UMTS ဖုန်းများအတွက် မြောင်မြို့ပေါ်တွင် ပြီးခဲ့သောဒီဇင်ဘာလ ကုန်မှစတင် တည်ဆောက်နေပြီဖြစ်ပါကြောင်း၊ တည်ဆောက်နေသော တာဝါတိုင်များကို မြို့နယ် အတွင်းရှိ သင့်တော်သောနေရာ အနည်းဆုံး သုံးတိုင်ခန့်စိုက်မှသာလျှင် မိမိတို့ မြို့နယ်ကို လွှမ်းခြုံနိုင်မည်ဖြစ် ပါကြောင်း။

သို့ဖြစ်ပါ၍ မေးခွန်း(၁) မြောင်မြို့နယ် ဆက်သွယ်ရေးစခန်းတွင် လက်ရှိအသုံးပြုနေသော SOC-8000 အော်တို တယ်လီဖုန်းအား ဆက်သွယ်ပြောဆိုရေး အဆင်ပြေစေရေးအတွက် လိုင်းအင်အားအဆင့်မြှင့် တင်ပေး ရန် အစီအစဉ်ရှိ/မရှိ။

မေးခွန်း(၂) မိုဘိုင်းဖုန်းသုံးစွဲခွင့်ရချိန်တွင် တစ်မြို့နယ်လုံးအတွက် လုံလောက်သော တာဝါတိုင်များ စိုက်ထူပေးရန် အစီအစဉ် ရှိ/မရှိ။

မေးခွန်း(၃) ပြည်သူများအသုံးပြုနိုင်ရန်အတွက် SIM Card များကို အခြားမြို့နယ်များမှ တစ်နှစ်ခွဲခန့်က ရရှိကြပြီး မိမိတို့မြို့နယ်အတွက် မရရှိခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိတို့မြို့နယ်ကို ပိုမိုရောင်းချပေးရန် အစီအစဉ်ရှိ/မရှိ။ ရှိပါက အရေအတွက် မည်မျှှရရှိမည်ကို သိရှိလိုပါကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးကတစ်ဆင့် မေးမြန်းပါသည်