(ခ)ရှားတောမြို့နယ်အတွင်းတာဝန်ထမ်းဆောင်လျက် ရှိသော ဌာနဆိုင်ရာ ရပ်ဝေးဝန်ထမ်းများအတွက် အိမ်ရာများ ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ပြည်သူ့ဝန်ထမ်းများသည် ဒေသ၏ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများ၏ အရေးအရာများကို ကျရာကဏ္ဍတွင် တာဝန်ထမ်းဆောင်လျက်ရပါကြောင်း၊ ရှားတောမြို့နယ်တွင် အစိုးရဌာနပေါင်း ၂၅ ခုရှိပြီး ဝန်ထမ်း ၃၀၀ ကျော်ခန့်ရှိပါကြောင်း၊ ဒေသခံဝန်ထမ်းအချို့ ရှိသော်လည်း အများစုမှာရပ်ဝေးမှ လာရောက်ခါ တာဝန်ထမ်း ဆောင်နေသော ဝန်ထမ်းများဖြစ်ပါကြောင်း၊ ရုံးဌာနအများစုသည် ဝန်ထမ်းအိမ်ရာများရှိသော ဌာနများမဟုတ်သည့်အတွက် နေရေးထိုင်ရေး အလွန်ခက်ခဲကြပြီး အချို့သောဝန်ထမ်းများမှာလည်း ရှိသည့်အခန်းကိုမျှဝေပြီး ဖြစ်သလို စုပေါင်းနေထိုင်ကြရပါကြောင်း၊ ဝန်ထမ်းအိမ်ရာရှိသော ရဲတပ်ဖွဲ့စခန်း၏ နေအိမ်လိုင်းခန်းများသည် နှစ်ပေါင်းကြာရှည်ပြီ ဖြစ်သောကြောင့် နေ၍မရအောင် ယိုယွင်းပျက်စီးလျက်ရှိပြီး အသစ်ပြန်လည် ဆောက်လုပ်ရန် သက်ဆိုင်ရာအထက်ဌာနသို့ တင်ပြထားပြီး ဖြစ်သော်လည်း ယခုအချိန်ထိ ပြင်ဆင်ဆောက် လုပ်နိုင်ခြင်းမရှိသေးပါကြောင်း၊ အဝေးမှလာရောက် တာဝန်ထမ်းဆောင်သော ဌာနပေါင်းစုံမှ ဝန်ထမ်းများ၏ နေထိုင်ရေးအဆင်ပြေပြီး တာဝန်များကို ထမ်းဆောင်နိုင်ရန်အတွက် စုပေါင်း ဝန်ထမ်းအိမ်ရာ(သို့) သက်ဆိုင်ရာဌာနအလိုက် လိုင်းခန်းအိမ်ရာများကို ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိမေးမြန်းပါသည်။