(ဃ)-အခြေခံအဆင့်နှင့်အဆင့်မြင့်ပညာတက္ကသိုလ် များတွင်Logic(ယုတ္တိဗေဒ)နှင့်Ethics(ကိုယ်ကျင့် တရား) ပညာကို သင်ကြားပေးရန် အစီအစဉ် ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-18

ယနေ့ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတည်ဆောက်ရာတွင် နိုင်ငံသားတစ်ဦးချင်းစီတွင် အဓိကအားဖြင့် ကိုယ်ကျင့်တရား ကောင်းမွန်ရန်လို အပ်ပါကြောင်း၊ ကိုယ်ကျင့်တရားကောင်းပါမှ စည်းကမ်းသိသော၊ တာဝန်သိသော၊ တာဝန်ယူတတ်သူများ ပေါ်ထွက်လာမည်ဖြစ်ပါကြောင်း၊ ထိုသို့ပေါ်ထွန်းလာစေရန် အခြေခံကစပြီး ပြုစုပျိုးထောင်လေ့ ကျင့်ပေးရန် လိုအပ်ပါကြောင်း၊ အခြေခံကရရှိသော အသိတရားကနေပြီး အဆင့်မြင့်ပညာ ဆည်းပူးလေ့လာသည့်အခါ ပိုမို ခိုင်မာရှင်သန်လာမည် ဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ တိုးတက်ဖွံ့ဖြိုးရန်၊ စည်းကမ်းရှိလာနိုင်ရန် နိုင်ငံသားတစ်ဦးစီ၏ စိတ်နေစိတ်ထားကို ပြုပြင်ပြောင်းလဲ လေ့ကျင့်ပျိုးထောင်ပေးရန် လိုအပ်ပါကြောင်း၊ တွေးခေါ်မြော်မြင်မှုမှန်ကန်ပြီး အတွေးကောင်းပါမှ အလုပ်ကောင်းများပေါ်ထွက်လာမည်ဖြစ်ပြီး အလုပ်ကောင်းများပေါ်ထွက်ပေါ်လားစေရန် ဒဿနိက ဘာသာရပ် Logic (ယုတ္တိဗေဒ) နှင့် Ethics (ကိုယ်ကျင့်တရား) ပညာကို သိပ္ပံနှင့် ဝိဇ္ဇာဘာသာရပ်များတွင် မသင်မနေ ဘာသာအဖြစ် စတင်သင်ကြားရန် လိုအပ်နေပါကြောင်း၊ Logic(ယုတ္တိဗေဒ)ကို သင်ကြားရခြင်းဖြင့် အရာရာကို ယုတ္တိရှိစွာ တွေးတောဆင်ခြင်တတ်လာခြင်း၊ အကျိုးနှင့်အကြောင်းကို ခွဲခြားသိတတ်လာခြင်း၊ ပြဿနာများ၊ ပဋိပက္ခများ မဖြစ်ပေါ် ခင်က ကြိုတင်ခန့်မှန်းကြံဆထားနိုင်ခြင်း၊ ရှုထောင့်အမျိုးမျိုးမှ ရှုမြင်ခြင်းတို့ ရရှိမည်ဖြစ်ပါကြောင်း၊ ကြိုတင်ခန့်မှန်းနိုင်ခြင်းဖြင့် ပြဿနာပဋိပက္ခတွေ မဖြစ်ခင်ကတည်းက ကြိုတင်စီမံထားနိုင်ပါကြောင်း၊ Ethics (ကိုယ်ကျင့်တရား) ပညာကို သင်ကြားရခြင်းဖြင့် အတ္တဟိတနှင့် ပရဟိတတို့ကို ညီညွတ်မျှတအောင် ချင့်ချိန်နိုင်ခြင်း၊ ဖြစ်ခြင်းနှင့် ဖြစ်သင့်ခြင်း၊ ရှိခြင်းနှင့် ရှိသင့်ခြင်း တို့ကို နားလည်သဘောပေါက်လာနိုင်ပြီး တာဝန်ယူလိုသော အသိစိတ်ဓာတ်ရှိလာပြီး တာဝန်ယူတတ်လာခြင်း စသည့် အကျိုးရလဒ်များ ရရှိမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံကြီး တည်ဆောက်ရာတွင် တာဝန်သိ၍ တာဝန်ယူတတ်သော အတ္တနှင့် ပရကို မျှတစွာကျင့်သုံးတတ်သော နိုင်ငံသားများ ပေါ်ထွက်လာရန်၊ အခြေခံအဆင့်နှင့် အဆင့်မြင့်ပညာတက္ကသိုလ်များတွင် ဒဿနိကဘာသာရပ်ဖြစ်သော Logic (ယုတ္တိဗေဒ) နှင့် Ethics(ကိုယ်ကျင့်တရား) ပညာကို မသင်မနေရဘာသာရပ်အဖြစ် သင်ကြားပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။