(က)-မြန်မာနိုင်ငံတွင်အားကစားနည်းပေါင်းများစွာ တိမ်မြုပ်ပျောက်ကွယ်နေပြီးလူငယ်များ၏အကျင့်စာ ရိတ္တမဏ္ဍိုင်ထိခိုက်နိမ့်ကျမှုဖြစ်ပေါ်နေခြင်းအားမည် ကဲ့သို့ထိန်းသိမ်း ဆောင်ရွက်စီစဉ်ပေးမည် နှင့်စပ် လျဉ်းသည့် မေးခွန်း
မြန်မာနိုင်ငံအနေဖြင့် အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးခဲ့သော (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော်ကြီးကို နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း တွင် ဖွင့်ပွဲများ၊ ပိတ်ပွဲများဖြင့် ကြီးကျယ်ခမ်းနားထယ်ဝါစွာ ကျင်းပပြုလုပ်ခဲ့ သည်ကို မြန်မာပြည်သူပြည်သားများသာမက ကမ္ဘာ့နိုင်ငံ အသီးသီးတို့ကပါ ရင်သပ် ရှုမော ကြည့်ရှုအားပေးခဲ့ကြရင်း ပြီးဆုံးသွားပြီဖြစ်ပါကြောင်း၊ သို့သော်လည်း မပြီးဆုံးနိုင်အောင် မရှုမလှခံစားနေကြရဆဲ ဝေဒနာများမှာ အလိုချင်ဆုံး၊ မျှော်လင့်ချက် အထားဆုံး တပ်မက်မှု အပြင်းထန်ဆုံး ဖြစ်ကြသော ဘောလုံးအားကစား ကိစ္စရပ်ဖြစ်ပြီး ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့က (၂၇) ကြိမ်မြောက်အရှေ့တောင်အာရှအား ကစားပွဲ မြန်မာ့လက်ရွေးစင်အမျိုးသား ဘောလုံးအသင်းရှုံးနိမ့်ပြီး ပြိုင်ပွဲမှ ထွက်ခဲ့ ရသော ကိစ္စရပ်များနှင့် ပတ်သက်ပြီး ဘောလုံးအားကစားကို ချစ်ခင်မြတ်နိုးသော စိတ် ဓာတ်များ၊ အမျိုးကို ချစ်ခင်မြတ်နိုးတတ်သော စိတ်ဓာတ်များနှင့်အတူ ပြင်းထန်းစွာ ခံစားခဲ့ရသော အချက် များကြောင့် ဖြစ်ပေါ်ခဲ့ရသော ပေါက်ကွဲမှုဖြစ်စဉ်များ၊ ဝမ်းနည်းကြေကွဲစွာဖြင့် ငိုကြွေးနေကြရသော ပြည်သူတို့၏ ပုံရိပ်များ၊ ဒိုင်လူကြီးများ၏ အားနည်းချက်များ၊ မှားယွင်းမှုများ၊ မြန်မာ့နည်းပြချုပ်၏ ညံ့ဖျင်းချက်များ ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်များ၏ ရင်ဖွင့်စကားသံများ၊ ဘောလုံးပွဲကြည့် ပရိသတ်များ ၏ ဝေဖန်ချက်အသံများ များစွာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့ကြောင်း။
မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံးအသင်း အရှုံးနဲ့ပတ်သက်ပြီး ပြန်လည်ဆန်းစစ်ကြည့်ပါက နည်းပြချုပ် ကိုသာ အပြစ်ပြောဆို နေသလိုမျိုး လေ့လာ တွေ့ရှိရ ပါကြောင်း၊ မြန်မာနိုင်ငံက ဘောလုံးနှင့် ပတ်သက်ပြီး တာဝန် ယူထားသောသူများ၊ တာဝန်ရှိသူများအနေဖြင့် ပြည်သူများလက်ခံလာအောင်၊ ဖြေသိမ့်နိုင်အောင် လုံလောက်သော ဖြေသိမ့်ပေးမှုမျိုး ပြောကြားဖြေရှင်းပေးတာမျိုး မရှိခဲ့ကြောင်းကိုလည်း လေ့လာ သိရှိရပါကြောင်း။
အသင်းနှင့် နည်းပြ ကိုက်ညီမှုရှိ/မရှိ၊ တည့်/မတည့် ဆိုသည့်ကိစ္စရပ်များမှာ ဘောလုံးအသင်းအဖွဲ့ချုပ်အနေဖြင့် သာမက မြန်မာနည်းပြအဖွဲ့များလည်း သိရှိထားရန် လိုအပ်ပါကြောင်း၊ အသင်းနည်းပြချုပ် ငှားရမ်းအသုံးပြုခြင်း ကိစ္စရပ်များကိုလည်း အားကစားဝန်ကြီး ဌာနအနေဖြင့် ဆန်းစစ်ဝဖန်ခဲ့ရမည်ဖြစ် ပါကြောင်း၊ မြန်မာစကားပြန်များ အနေဖြင့်လည်း နည်းပြချုပ်နှင့် မြန်မာဘောလုံးသမားများ၏ လိုအပ်ချက်များကို ဘောလုံးအဖွဲ့ချုပ်သို့ တင်ပြပေးနိုင်ရမည် ဖြစ်ပါကြောင်း၊ မြန်မာဘောလုံးအသင်း အောင်နိုင်ရေးအတွက် အနီးကပ်ဝိုင်းဝန်း ထိန်းသိမ်းစောင့်ရှောက်နေကြသော အုပ်ချုပ်သူနည်းပြအဖွဲ့များအနေဖြင့် ရလဒ်ပေါ်မှသာ အပြစ်တင်ပြောဆိုနေ ခဲ့ကြခြင်းများမှာ နည်းလမ်းကောင်းတစ်ခုမဟုတ်ကြောင်း သုံးသပ်ရမိပါကြောင်း။
ယနေ့ မြန်မာနိုင်ငံအတွင်းင်ငံရေး၊ လူမှုရေး၊ အားကစားကိစ္စရပ်များကို အခြေအနေ အချိန်အခါကို လိုက်ပြီး ပြောဆိုလုပ်ကိုင် ဆောင်ရွက်ရန် လိုအပ်နေပြီဖြစ်ကြောင်း သုံးသပ်အကြံပြု တင်ပြလိုပါကြောင်း၊ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အကြိုကာလတွင် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် အနေဖြင့် ဘောလုံးအားကစား ဝါသနာရှင်များနှင့် တွေ့ဆုံးဆွေးနွေးခြင်း၊ အကြံပြုစာများ တောင်းခံခြင်း ဆောင် ရွက်ခဲ့ကြောင်း လေ့လာတွေ့ရှိရပါကြောင်း၊ အားကစား ဝါသနာရှင်များအနေဖြင့် အောက်ခြေပြိုင်ပွဲ များမှာ စဉ်ဆက်မပြတ် ကျင်းပပေးဖို့ ပါရမီရှင် အားကစားသမားများ ရှာဖွေဖော်ထုတ် မွေးမြူပေးရန် အားကစားကွင်း၊ အားကစားရုံများတွင် အားကစားပြက္ခဒိန်အလိုက် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးရန် အကြံပြုခဲ့ကြသည် ကို လေ့လာတွေ့ရှိခဲ့ရပါကြောင်း။
မြန်မာနိုင်ငံအတွင်း အားကစားကိစ္စရပ် အတော်များများတွင် လှုပ်ရှားမှုမရှိသလောက် စိတ်သုဉ်းပျောက် ကွယ်နေပြီဖြစ်ပြီး ဘောလုံးအားကစားကွင်းများမှာလည်း ပျက်စီးနေကြသည့်အတွက် ပြုပြင်ထိန်းသိမ်းပေးရန် လိုအပ်နေပါကြောင်း၊ လေ့ကျင့်သင်းကြားပေးပါက အောင်မြင့်လာမည့် အားကစားသမားကိုရွေးချယ်ခြင်း၊ နည်းပြကောင်းများကို ငှားယူအသုံးချပြီး လေ့ကျင့်သင်ကြားပေးခြင်း စသည့်နည်းလမ်းများမှာ အချိန်တို အတွင်း အောင်မြင်မှုရနိုင်ပါမည်လား။ သို့မဟုတ် ရွက်ပုန်းသီး ပါရမီရှင် အားကစားသမားများကို ရှာဖွေပြီး မွေးမြူလေ့ကျင့် သင်ကြားပေးမည့် နည်းလမ်းက အောင်မြင်မည်လား။ “တစ်ဂိုးသွင်းရင် ဘယ်လောက်ဆုချမယ်၊ နိုင်ခဲ့ရင် အသင်းကို ဘယ်လောက်ဆုချမယ်” ဆိုသည့် ငွေပြမက်လုံး နည်းလမ်းများ က အောင်မြင်မည်လား။ သို့မဟုတ် “အောက်ခြေတွင် ပျောက်ဆုံးနေသော အားကစားကွင်းများ ကို ဖော်ထုတ်ပေးမည်။ အားကစားပြိုင်ပွဲများကို ကျင်းပနိုင်ရန် ထောက်ပံ့ပေးမည်။ အားကစားပစ္စည်း များ ပြည့်စုံအောင် ဖန်တီးစီစဉ်ပေးမယ်” ဆိုသည့် နည်းလမ်းများက အောင်မြင်မည်လား စသည့် တာဝန်ယူမှု၊ တာဝန်ခံမှု၊ တာဝန်ခွဲဝေမှုများမှာ နည်းလမ်းတကျ မှန်ကန်နေရန် လိုအပ်နေပြီဖြစ်ပါကြောင်း၊
သို့ဖြစ်ပါ၍ မြန်မာနိုင်ငံတွင် အောက်ခြေ၌ အားကစားနည်းပေါင်းများစွာ တိမ်မြုပ်ပျောက်ကွယ်နေပြီး ဘောလုံး အားကစားကွင်းများ ပျက်စီးနေသောကြောင့် လူငယ်များ၏ အကျင့်စာရိတ္တမဏ္ဍိုင်များကို မည်ကဲ့သို့ ထိန်းသိမ်းဆောင်ရွက်ပေးမည်ဆိုသည့် အစီအစဉ်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။