(ခ)-စဉ့်ကူးမြို့နယ်ကံတောင်ကျေးရွာ၏အရှေ့မြောက် ဘက်ရှိမြေ ၇ ဧကခန့်အား ကံတောင်ရွှေလုပ်သား ကုမ္ပဏီကို ရွှေတွင်းဆက်လက်တူးဖော်ခွင့်ပြုရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-18

ဒေါ်ခင်သန္တာ (တံတားဦး)စဉ့်ကူးမြို့နယ်၊ ကံတောင်ကျေးရွာရှိ ဒေသခံရွာသားများဖြင့် တည်ထောင်ထားသော ကံတောင်ရွှေလုပ်သားကုမ္ပဏီက အလုပ်လုပ်ကိုင်ခွင့်၊ တူးဖော်ခွင့်ပြုရန်နှင့်ပတ်သက်၍ အပေါ်ယံကြည့်မည်ဆိုပါက လူတစ်စုအတွက်၊ ရွာတစ်ရွာအတွက်ဟုထင်ရသော်လည်း အလားတူပြဿနာမျိုး မိမိတို့နိုင်ငံ အနှံ့အပြားတွင် ဖြစ်ပေါ်နေပါကြောင်း၊ ကံတောင်ကျေးရွာရှိ ဒေသခံလုပ်သားများ သည်မြောက်ကျွန်းသူများမှ ကုမ္ပဏီနှင့် ဥပဒေနှင့်အညီ ကျသင့်သောအခွန်အခများပေးဆောင်ပြီးတူးဖော်ခွင့် ရရှိခဲ့ပါကြောင်း ၊ ရွှေတွင်းတူးဖော် ခွင့်ရရှိပြီး လိုအပ်သော အရင်းအနှီးများဖြင့် လုပ်အားကိုဒေသခံ အင်းလုပ်သားများက ၂၀၁၂ ခုနှစ်မှစတင်၍ စိုက်ထုတ်တူးဖော်ခဲ့ကြသော်လည်း တူးဖော်ခွင့်ပြုထားသော ကုမ္ပဏီမှ ၂၀၁၄ ခုနှစ်တွင် တူးဖော်ဆဲလုပ်ငန်းများကို ပိတ်သိမ်းရန် ညွှန်ကြားခဲ့ပါကြောင်း၊ လုပ်ကွက်ငယ်များသည် ဒေသခံရွှေလုပ်သား များအတွက် အဆင်ပြေသည့်အပြင် ဥပဒေနှင့် ညီညွတ်စေရန်လည်း ဆောင်ရွက်ထားသည်ကို သိရှိရပါကြောင်း၊ တစ်ရွာလုံးရှိပြည်သူများ ရွှေတွင်းတူးဖော်ခွင့်ထောက်ခံခဲ့ကြောင်း လက်မှတ်ထိုး၍ ဆန္ဒပြုခဲ့ပါကြောင်း၊ ယင်းမြေနေ ရာမှတပါး တခြားမြေနေရာများကို ဒေသခံပြည်သူများအတွက် လုပ်ကိုင်စရာလုံးဝမရှိပါကြောင်း၊ ၎င်းမြေနေရာများသည် ပလပ်မြေဖြစ်သည်ဟု သက်ဆိုင်ရာနှင့် ကုမ္ပဏီများက အကြောင်းကြားထားသဖြင့် ကုမ္ပဏီ၏ ပိတ်သိမ်းမှုကြောင လုပ်ငန်းများ ရပ်ဆိုင်းထားရပြီး ဒေသခံပြည်သူများသည် ဒုက္ခပေါင်းများစွာဖြင့် ရင်ဆိုင်နေရသကဲ့သို့ နိုင်ငံတော်အနေဖြင့် တရားဝင်ရရှိမည့် အခွန်ဘဏ္ဍာငွေများစွာ ဆုံးရှုံးနေရသည်ဟု ယူဆ ပါကြောင်း၊ သို့ပါ၍ဒေသခံပြည်သူများ အကျိုးတူတည်ထောင်ထားသော ကံတောင်ရွှေလုပ်သား ကုမ္ပဏီအား ရွှေတွင်း ဆက်လက်တူးဖော်ခွင့်ပြုရန် အစီအစဉ်ရှိ/မရှိနှင့် ရှိပါက အင်းပြုခြင်း၊ အင်းလုပ်သား အသက်အန္တရာယ် ဆုံးရှုံးနိုင်ခြင်းတို့ကို ကာကွယ်နိုင်ရန် မိုးရာသီမတိုင်မီတွင် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရသည့် အတွက် ရွှေအင်းလုပ်သားများ အသက် အန္တရာယ်ကင်းစွာ တူးဖော်နိုင်ရန် ပြင်ဆင်ချိန်ဖြစ်သည့် မိုးရာသီမတိုင်မီ ခွင့်ပြုရန်အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။