(ဆ)-ပူတာအိုမြို့ပေါ်နှင့်နမ်ထွမ်ခူးကျေးရွာအုပ်စုတို့ ဆက်သွယ်ထားသောလမ်းနှင့်တံတားများကိုရာသီ မရွေးသွားလာနိုင်ရန်ဆောင်ရွက်ပေးမည့်အစီအစဉ် ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း
ပူတာအိုမြို့နယ်နှင့် နမ်ထွမ်ခူးကျေးရွာ အုပ်စုဆက်သွယ်ထားသော လမ်း ၁၄ မိုင်ခရီးတွင် ဒေသခံပြည်သူများက ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဖောက်လုပ်ထားသော မြေသားလမ်းဖြစ်ပြီး ပွင့်လင်းရာသီချိန်တွင် ဆိုင်ကယ်နှင့် နွားလှည်းများ သွားလာနိုင်သော်လည်း မိုးတွင်းကာလတွင် မိုးများခြင်းကြောင့် မြေပြိုပြီး လမ်းပိတ်ခြင်း၊ ကျွဲ၊ နွား တိရစ္ဆာန်များ သွားလာခြင်းကြောင့် လမ်းများပျက်စီးခြင်း နှစ်စဉ်ကြုံတွေ့လျက်ရှိပါကြောင်း၊ နမ်ထွမ်ခူး ကျေးရွာအုပ်စုတွင် ဒေသခံပြည်သူ များနှင့် ကျောင်းသူကျောင်းသားများ၊ နိုင်ငံ့ဝန်ထမ်းများ ဤခက်ခဲ ကြမ်းတမ်းသော လမ်းခရီး ၁၄ မိုင်ကို နေ့စဉ်နှင့်အမျှ သွားလာနေရပါသည်။ ယနေ့ထက်ထိ လမ်းပန်းဆက်သွယ် ရေးခက်ခဲခြင်း၊ ဒေသဖွံ့ဖြိုးရေးနောက်ကျခြင်း၊ လူနေမှုဘဝနိမ့်ကျခြင်းနှင့် ပညာရေး၊ ကျန်းမာရေး ကဏ္ဍပြည့်စုံမှုမရှိခြင်းစသည့် အခက်အခဲများ ကြုံတွေ့နေရသည့် ကျေးရွာအုပ်စုတစ်စုဖြစ်ပါသည်။ နမ်ထွမ်ခူးကျေးရွာအုပ်စုသည် မြို့ပေါ်မှ ၁၄ မိုင်ဝေးခြင်းကြောင့် အရေးပေါ်လူနာများ၊ မွေးလူနာများ၊ ကျန်းမာရေးဌာနခွဲအဆင့်နှင့် ကုသပေးနိုင်ခြင်း မရှိသည့်အတွက် လူနာများအားအချိန်မီ မြို့ပေါ်ဆေးရုံကြီးသို့ ပို့ဆောင်ပေးနိုင်မှုမရှိခြင်းကြောင့် အသက် မသေဆုံးသင့်ဘဲ သေဆုံးခဲ့ရခြင်း နှစ်စဉ်ကြုံတွေ့ခဲ့ရပါကြောင်း၊ နမ်ထွမ်ခူးကျေးရွာအုပ်စုတွင် ပူတာအိုမြို့၏ အနောက်ဘက်တွင်တည်ရှိပြီး အိန္ဒိယနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိရာ အိန္ဒိယနိုင်ငံသို့ ဝင်/ထွက် သွားလာနိုင်သော လူသွားလမ်းများ ရှိနေခြင်းကြောင့် ပူတာအိုမြို့နယ်အတွက် နမ်ထွမ်ခူးကျေးရွာအုပ်စုသည် နယ်မြေလုံခြုံရေးအရ အရေးပါသော ဒေသတစ်ခုဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံတော်အစိုးရမှ နမ်ထွမ်ခူးလမ်းနှင့် တံတားများကို ရာသီမရွေးသွားလာနိုင်ရန် ဆောင်ရွက်ပေးမည့်အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့် အချိန်တွင် ဆောင်ရွက်ပေးသွားမည်နှင့် အစီအစဉ်မရှိပါက အဘယ်ကြောင့် မလုပ်ပေးနိုင်သည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။