(ဃ)-မွေးမြူရေး၊ရေလုပ်ငန်းနှင့်ကျေးလက်ဒေသဖွံ့ ဖြိုးရေးဝန်ကြီးဌာနအောက်ရှိရုံးများအတွက်ဖွဲ့စည်းပုံ အတိုင်းဝန်ထမ်းခန့်ထားရန်နှင့်မြို့နယ်အဆင့်ရုံးများ တွင်စက်ယန္တရားများကို ဖြည့်ဆည်းပေးရန်အစီအ စဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
မိမိတို့နိုင်ငံ လူဦးရေ၏ ၇၅ ရာခိုင်နှုန်းသော မိဘပြည်သူများအနေဖြင့် ကျေးလက်ဒေသတွင် အများအပြားနေထိုင်လျက်ရှိကြပါကြောင်း၊ ကျေးလက်ဒေသရှိ မိဘပြည်သူများ၏ဘဝ ဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည်ဖော် ဆောင် ရွက်ပေးခြင်းဖြင့် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုတွေကို ရရှိလာခြင်းဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးကို ဦးတည်ပြီး မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းနှင့်ပြည်နယ် အဆင့်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနများကို ဝန်ထမ်းဖွဲ့စည်းပုံ အပြည့်အဝမဟုတ်သေးသော်လည်း လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် တစ်စိတ်တစ်ပိုင်းခန့်ထားပေးပြီး ဒေသအလိုက် ဘဏ္ဍာငွေများ ခွဲဝေချပေးလျက် ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ ဘဏ္ဍာငွေ ခွဲဝေချထားပေးသည်နှင့် ပီးပြတ်မှုမရှိသေးပါကြောင်း၊ စက်ယန္တရားကို ဒေသရောက်အောင်ငှားနိုင်မှ ဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင် ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရန် အလွန်ခရီးဝေးကွာနေပါက ငှားရမ်းမည့် စရိတ်ကြောင့် ဖွံ့ဖြိုးရေးလုပ်ငန်းလုပ်ကိုင်ရာတွင် အခက်အခဲများရှိလာနိုင်သည့်အတွက် ဌာန၏ ဝန်ထမ်းဖွဲ့စည်းပုံ၊ လိုအပ်သောယန္တရားများကို စီစဉ်ခွဲဝေချမှတ်ပေးနိုင်မှသာ အဆင်ပြေမည်ဖြစ်ပါသောကြောင့် စက်ယန္တရားများ ဖြည့်ဆည်းပေးရန် အစီအစဉ်ရှိ/မရှိသိရှိ လိုကြောင်း မေးမြန်းပါသည်။