(ဂ)-ရာသီဥတု ပြောင်းလဲမှု နှင့် အပူချိန်မြင့်မားလာမှုတို့ကြောင့် ရေရှားပါးမှုဒဏ် ကြုံတွေ့နိုင်သည့်အတွက် ရာသီဥတုဆိုင်ရာ အမျိုးသားရေး မူဝါဒတစ်ရပ် ရေးဆွဲရန် အစီအစဉ်ရှိ၊မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-18

သူရဦးအောင်ကို (ကန်ပက်လက်)အမေရိကန်ပြည်ထောင်စု ဟာဝိုင်ယီအခြေစိုက် East West Center မှ ကမကထပြုပြီး ရန်ကုန်မြို့ ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) တွင် နိုင်ငံတကာ သတင်းမီဒီယာတစ်ရပ်ကို လွန်ခဲ့သည့်လက ကျင်းပခဲ့ ပါကြောင်း၊ ထိုညီလာခံမှ မြန်မာနိုင်ငံတွင် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဝါဒလုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ရန် နှောင့်နှေးကြန့်ကြာနေပါက ရေရှားပါးမှုဒဏ်ကို ရင်ဆိုင်ကြုံတွေ့ရမည်ဖြစ်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး တက်ကြွ လှုပ်ရှားသူများအဖွဲ့က သတိပေးပြောကြားခဲ့ပါကြောင်း။

ထို့အတူ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု အလျင်အမြန်လျှော့ချခွင့်ပြုပါက အနာဂတ်ကာလများတွင် ကမ္ဘာ့စိုက်ပျိုးရေး ကဏ္ဍမှာ အခက်အခဲပြဿနာများ တွေ့ရလိမ့်မည်ဟုလည်း ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ နိုင်ငံတကာအစိုးရအဖွဲ့အစည်း (IPCC) က သတိပေးထားပါကြောင်း၊ ရာသီဥတုပြောင်းလဲမှုနှင့်ပတ်သက်၍ ပညာရှင်များ၏ စာတမ်းများ၊ သုံးသပ်ချက်များကို ချိတ်ဆက်လေ့လာ၍ (၇) နှစ် (၁) ကြိမ် အစီရင်ခံစာထုတ်ပြန်သော ကမ္ဘာမြေကြီး၏ အခြေအနေအစီရင်ခံစာတင် သွင်းခဲ့ခြင်း ဖြစ်ပါကြောင်း၊ IPCC အစီရင်ခံစာတွင် အာရှတိုက်နှင့် အာဖရိကတိုက်သည် ရာသီဥတုပြောင်းလဲမှုနှင့် ရေရှားပါးမှုဒဏ် အများဆုံးခံရမည့့််ဒေသများဖြစ်ကာ မုတ်သုံမိုးရွာသွန်းမှုပုံစံများလည်း ပျက်ယွင်းသွားနိုင်ပြီး အာဖရိကအရှေ့ပိုင်း၊ တရုတ်နိုင်ငံမြောက်ပိုင်း၊ အိန္ဒိယနိုင်ငံအနောက်ပိုင်း ခြောက်သွေ့ဒေသများတွင် သဲကန္တာရဖြစ်ပေါ်မှု ပိုမိုကျယ်ပြန့်လာနိုင် သည်ကို ဖော်ပြထားပါကြောင်း၊ ဟိမဝန္တာဒေသရေခဲညွန့်များ၊ ရေခဲမြစ်များ အရည်ပျော်ကျလာမှုကြောင့် မကြာမီနှစ်များ အတွင်း ရန်စီမြစ်၊ မဲခေါင်မြစ်၊ ဧရာဝတီမြစ်၊ ဂင်္ဂါမြစ်နှင့် ဗြဟ္မပုတ္တရ မြစ်ကြီးများ၏ မြစ်ဝှမ်းဒေသများ ရေလွှမ်းမိုးမှုများ မကြာခဏ ဖြစ်ပေါ်လာပြီး နောက်ပိုင်းတွင် ထာဝရရေခမ်းခြောက်သွားနိုင်ကြောင်း ပညာရှင်များက သုံးသပ်တင်ပြပါကြောင်း။

မြန်မာနိုင်ငံတွင် လွန်ခဲ့သည့်နှစ်ပေါင်း ၃၀ ကျော်ကာလအတွင်း နှစ်စဉ် မုတ်သုံကာလရက်ပေါင်း ၄၀ ခန့် ဆုံးရှုံးနေသောကြောင့် သောက်သုံးရေနှင့် စိုက်ပျိုးရေ ရှားပါးသွားနိုင်ကြောင်းကို သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သုတေသီ အဖွဲ့က သုံးသပ်တင်ပြခဲ့ပါကြောင်း၊ တစ်နှစ်တွင် မိုးရွာရက် ၁၄၅ ရက်မှ ၁၀၅ ရက်ခန့်သာ ကျန်ရှိသောကြောင့် ဖြစ် ပေါ်လာမည့် အကျိုးဆက်များကို မိုးရေကိုအမှီ ပြုနေရသော နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်ရှိသည့် တောင်သူလယ်သမားများ ခံစားကြရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသဘာဝစွမ်းအင်အသင်း REAM က လည်း လွန်ခဲ့သည့်နှစ်များအတွင်း မြန်မာနိုင်ငံရှိ ဆည်ပေါင်း ၁၃၀ ကျော်တွင် ပျမ်းမျှရေဝင်နှုန်း ၂၅ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းခန့်သာ ရှိသည်ကို ဖော်ပြခဲ့ပါကြောင်း၊ ရာသီဥတုပြောင်းလဲမှုကြောင့် ရေ‌ဝေရေလဲဒေသ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးသွားခြင်းများဖြစ်သကဲ့သို့ ရေ‌ဝေရေလဲဒေသ သစ်တောပြုန်းတီးမှုများကြောင့်လည်း ရာသီဥတု ဖောက်ပြန်ပြောင်းလဲခြင်းများ ဖြစ်ပေါ်နေပါကြောင်း။

မြန်မာနိုင်ငံ၏ မြစ်ချောင်းများသည် မြောက်မှတောင်သို့ စီးဆင်းလျက်ရှိပါကြောင်း၊ ကချင်ပြည်နယ်မြောက်ဖျား တောင်တန်းဒေသများနှင့် ရခိုင်ရိုးမ၊ ချင်းတောင်တန်းနှင့် နာဂတောင်တန်းတို့သည် အဓိကရေဝင်ရေလဲဒေသများဖြစ်ပြီး  ရွှေ့ပြောင်းသစ်ထုတ်လုပ်မှုများကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုများ နှစ်စဉ်တိုးတက်နေပြီး ထိုလုပ်ငန်းများကို ရပ်တန့်သွားစေရန် တားဆီးနိုင်ခြင်းမရှိပါက ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်တို့၏ အနာဂတ်သည် စိုးရိမ်ဖွယ်အခြေအနေသို့ ဆိုက်ရောက်နိုင်ပါကြောင်း၊ ရာသီဥတုပိုမိုပူနွေးလာမှု၊ သဘာဝပတ်ဝန်းကျင်ထိခိုက် ပျက်စီးမှုများကြောင့် ဧရာဝတီမြစ်၊ ချင်းတွင်းမြစ် တိမ်ကောထိခိုက်လာနိုင်သကဲ့သို့ မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရေရှားရပ်ဝန်းဒေသများသည် ကန္တာရအဖြစ်သို့ ပြောင်းလဲသွားနိုင်ပါကြောင်း၊ ထို့ကြောင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အမျိုးသားရေး မူဝါဒတစ်ရပ် ရေးဆွဲအကောင်အထည်ဖော်နိုင်ခြင်း မပြုနိုင်ပါက မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနှင့် ဆင်းရဲမွဲတေမှုလျော့ပါးရေး လုပ်ငန်းစဉ်များအပေါ်တွင် ထိခိုက်သက်ရောက်မှုများ ကြုံတွေ့လာနိုင်ပါကြောင်း၊     သို့ပါ၍ ရာသီဥတုပြောင်းလဲမှုနှင့် အပူချိန်မြင့်မားလာမှုတို့ကြောင့် ကန္တာရများ ကျယ်ပြန့်လာကာ ရေရှားပါးမှုဒဏ် ကြုံတွေ့လာနိုင်သောကြောင့် ရာသီဥတုဆိုင်ရာ အမျိုးသားရေးမူဝါဒတစ်ရပ် ရေးဆွဲကာကွယ်စောင့်ရှောက်နိုင်ခြင်းရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။