(က)-ဘားအံစက်မှုဇုန်တွင်ပါဝင်သွားသောလယ်မြေ ၆၅.၅၂ ဧကအပေါ် နစ်နာသော လယ်သမားများ အတွက် အခွင့်အရေး၊ နစ်နာကြေးတစ်စုံတစ်ရာ ရရှိရန်အတွက်သက်ဆိုင်ရာမှ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-18

၁ဘားအံစက်မှုဇုန်ကို ၂၀၁၁ ခုနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် စက်မှုဇုန်၏ မြေနေရာသည် မြေဧက မြေ လွတ်၊ မြေရိုင်းများဖြင့် ၉၀၃.၄၈ ဧကနှင့် လယ်မြေဧက ၆၅.၅၂ ဧက ပါဝင်နေပါသဖြင့် လယ်မြေကိစ္စနှင့်ပတ်သက်၍ လယ်သမားများ၏ နစ်နာချက်များကို ပြည်သူ့လွှတ်တော် သို့ တင်ပြရာတွင် ပြည်ထောင်စုလွှတ်တော် လယ်ယာမြေစုံစမ်းရေး ကော်မရှင်အဖွဲ့မှ အဖွဲ့ (၉) သည် ၁၇-၉-၂၀၁၂ ရက်နေ့တွင် ဘားအံခရိုင် အစည်းအဝေးခန်းမတွင် လယ်သမားများကို ခေါ်ယူမေးမြန်းခဲ့ပါကြောင်း၊ ထို့အပြင် လယ်ယာမြေကို စုံစမ်းမေးမြန်းခဲ့စဉ်က  ဥက္ကဋ္ဌဟောင်းကို ဖိတ်ကြားမေးမြန်းခဲ့ရာတွင် ဤလယ်မြေများ သည် ဆိုရှယ်လစ်လမ်း စဉ်ပါတီခေတ်ကနယ်မြေဒေသ အေးချမ်းမှုမရှိသည့် အတွက်ကြောင့် ပြလေးပြစနစ်ကိုကျင့်သုံးခဲ့ပြီး အစိုးရမှ (ပလဖ) မြန်မာ့နှစ်ရှည်ပင် လုပ်ငန်း ဆောင်ရွက်ရန် သိမ်းယူခဲ့ပါကြောင်း။

သို့သော် တရားဝင်သိမ်းဆည်းခွင့်အမိန့် တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမရှိသည့်အပြင် လယ်မြေများကို (ပလဖ) ဝန်ထမ်းများမှ ထိထိရောက်ရောက် လုပ်ကိုင်ဆောင်ရွက်ခြင်း မရှိခဲ့ပါကြောင်၊ စိုက်ပျိုးလုပ်ကိုင်မှု မရှိသည့် အတွက်ကြောင့် တပ်မတော်အစိုးရလက်ထက်တွင် တောင်သူလယ်သမားများကို ပြန်လည်ခေါ်ယူပြီး လယ်ယာမြေ ကို ပြန်လည်လုပ်ကိုင်ခွင့်ပေးခဲ့ပါကြောင်း၊ ထိုသို့ လုပ်ကိုင်ခွင့်ပေးရာ၌ ဘားအံမြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွင် လယ် သမားများကို ခေါ်ယူခဲ့ပါကြောင်း၊ လယ်သမားများနှင့်အတူ (ခရက) ဥက္ကဋ္ဌ၊ (ပလဖ) တာဝန်ခံ၊ ကျေးရွာဥက္ကဋ္ဌများ လည်း ပါဝင်ပါကြောင်း။

လယ်သမားများကို လယ်မြေအခွန်ထမ်းဆောင်ရာတွင် ပြန်လည်ပေးပါ့မည်ဟု ကတိကဝတ်ပေးခဲ့သော်လည်း လုပ်ပိုင်ခွင့်ပြေစာ ရရှိခဲ့ခြင်း မရှိပါကြောင်း၊ ထို့ကြောင့် လယ်သမားများက လယ်မြေကို ပြန်လည်လုပ်ကိုင်ခဲ့ သည်မှာ ၁၀ နှစ်တိုင် ကာလကျော်လာခဲ့ပြီးနောက် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်မှ တပ်မတော် အစိုးရလက်ထက်တွင် လွတ်လပ်စွာလုပ်ကိုင်ခွင့်ရှိသကဲ့သို့ ယနေ့ခေတ်တွင် စက်မှုဇုန်ခေတ်နှင့်ဆိုပြီး ပြန်လည် သိမ်းဆည်းခံရခဲ့ပါကြောင်း၊ ၃၁-၁၂-၂၀၁၃ ရက်နေ့တွင် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌမှ အမိန့်အမှတ် (၂/၂၀၁၃) ဖြင့် အမိန့်ထုတ်ပြန်ခဲ့ပါကြောင်း၊ အမိန့်တွင် (က) လယ်ယာမြေဥပဒေအခန်း (၁၂)၊ ပုဒ်မ ၉၊ အပိုဒ်ခွဲ (ဂ)အရ နှင်ထုတ်ခြင်းအမိန့်နှင့် လယ်မြေပေါ်မှ ထွက်ခွာပေးရန်၊ (ခ) လယ်ယာမြေဥပဒေပုဒ်မ အခန်း (၇)၊ ပုဒ်မ ၁၉၊ အပိုဒ်ခွဲ (ဃ) အရ လယ်မြေတွင် ခွင့်ပြုချက်မရရှိဘဲ ဆောက်လုပ်ထားသော အဆောက်အဦများကို ဖယ်ရှားပေးရန် ထိုအမိန့်ကို ၁-၁-၂၀၁၄ ရက်နေ့မှ ၁၅-၁-၂၀၁၄ ရက်နေ့အထိ ၁၅ ရက် အတွင်း လိုက်နာဆောင်ရွက်ရန်၊ ထိုအမိန့်ကို လိုက်နာဆောင်ရွက်ရန်မရှိပါက သို့မဟုတ် သတ်မှတ်ရက် ကျော်လွန်ပါက လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ တရားရုံးတွင် တရားစွဲဆိုသွားမည်ဖြစ်ပါကြောင်း။

ထို့ကြောင့် လယ်သမားများသည် ဘိုးဘွားပိုင်မြေများကို မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်တွင် သိမ်းခဲ့ပြီး တပ်မတော်အစိုးရလက်ထက်တွင် ပြန်လည်လုပ်ကိုင်ခွင့်ပေးခဲ့ပါကြောင်း၊ ယခုဒီမိုကရေစီခေတ်ရောက်မှ ၎င်းတို့ပိုင် ဆိုင်သောလယ်မြေများ၊ ပူးပေါင်းပိုင်မြေများကို လုပ်ကိုင်ခွင်မရရှိတော့ဘဲ စက်မှုဇုန်မြေအဖြစ် ပြန်လည် သတ်မှတ်ခြင်းသည် လယ်သမားများအတွက် အခွင့်အရေး နစ်နာကြေးတစ်စုံတစ်ရာ ရရှိခံစားခွင့်ပေးရန် ဆောင် ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်းမေးမြန်းပါသည်။