(က)-နိုင်ငံတော်အတွင်း လယ်ယာမြေ ဆုံးရှုံးမှုကိစ္စများနှင့် အခြေခံလူတန်းစားများ အတွက် အရစ်ကျပေးချေသည့် တိုက်ခန်းကိစ္စများ မည်သို့ စီစဉ်ထားသည့်မေးခွန်း
ယခင်ကာလများက လယ်ယာမြေများ သိမ်းဆည်းခံခဲ့ရပြီး ယနေ့ မြေယာမရှိဖြစ်နေသော လယ်သမားများ အရေးကို ဖြေရှင်းပေးရန် လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်ထောင်စုအစိုးရ အနေဖြင့် နည်းမျိုးစုံကြိုးစား ဖြေရှင်းဆောင်ရွက်ပေးနေပါသော်လည်း မိမိတို့မြို့နယ်များတွင် နှစ်ဦးနှစ်ဖက် လျော်ကြေးပေးခြင်းများလွဲ၍ အခြား ထူးခြားမှုများ မရှိသေးသည်ကို တွေ့ရှိရပါကြောင်း၊ ထိုကဲသို့ အခြေအနေများနှင့် ပတ်သက်၍ လက်တွေ့အခြေအနေကို လေ့လာကြည့်ပါက ဗဟိုက မြို့နယ်ကို စိစစ်တင်ပြရန် ညွှန်ကြားသော်လည်း အောက်ခြေတွင် စိစစ်မှုအားနည်းခြင်း၊ မှန်ကန်စွာ ပြန်လည်တင်ပြမှု မရှိခြင်း၊ အဖွဲ့အစည်းအမည်ခံပြီး တရားဥပဒေနှင့် ညီညွတ်စွာ ဆောင်ရွက်မှု မရှိခြင်းများတွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ပုံမှန်ရုံးလုပ်ငန်းပိုင်း ဗဟိုအပိုင်းနှင့် စာဖြင့် အောက်ခြေသို့ ဆက်သွယ်မေးနေသမျှအချိန်ထိ မမှန်မကန်တင်ပြခြင်းမျိုးကို ကြုံတွေ့နေရဦးမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယုံကြည်စိတ်ချရသော အဖွဲ့များနှင့် ကွင်းဆင်းစစ်ဆေးရန် ဆုံးဖြတ်ရန် လိုအပ် နေပြီဖြစ်ပါကြောင်း၊ ထို့ကြောင့် အဆိုပါကိစ္စရပ်များနှင့် ပတ်သက်၍ ပြည်သူများ ကျေနပ် မျှတမှုရှိစေရန် မည်သို့ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း၊
ဒုတိယအချက် အနေဖြင့် တိုးပွားလာသော နိုင်ငံ၏လူဦးရေ၊ စီးပွားရေးအရ ကျေးလက်ဒေသကနေ မြို့ပေါ် တက်လာသည့် လူဦးရေ တိုးပွားလာခြင်းကြောင့် ကျူးကျော်နေထိုင်နေရသူများကိစ္စကိုလည်း မည်သို့ဖြေရှင်းဆောင်ရွက်ပေးရန် စီစဉ်ထားသည်ကို သိရှိလိုပါကြောင်း၊
တတိယ အချက်အနေဖြင့် ပြည်ထောင်စုအစိုးရ၏ တန်ဖိုးနည်း၊ တန်ဖိုးများ၊ တန်ဖိုးသင့် အိမ်ရာများသည် အခြေခံလူတန်းစားများအတွက် မည်သို့မျှ မတတ်နိုင်ခြင်း၊ လက်သင့်ရာပေးနေခြင်းများ ရှိနေခြင်းများကြောင့် လက်တွေ့ကျပြီး ဖြစ်နိုင်ချေရှိသည့် လက်ရှိ ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများ အစရှိသည့် နိုင်ငံ့ဝန်ထမ်းများကို လစဉ်အရစ်ကျ ပေးသွင်း ရသည့် စနစ်မျိုးဖြင့် စီစဉ်ပေးရန် အစီအစဉ်ရှိ/မရှိသိလိုပါကြောင်းနှင့် အစီအစဉ်မရှိပါက မည်သို့ ဖြေရှင်းပေးရန် စီစဉ်ထားသည့်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။