(က)-၂၀၁၃ခုနှစ်၊သြဂုတ်လအတွင်းရထားလမ်းချော် မှု၊တိမ်းမှောက်မှု၊လူထိခိုက်မှုနှင့်ပစ္စည်းတန်ဖိုးဆုံးရှုံး မှုမည်မျှ ရှိကြောင်းနှင့် လမ်းချော် တိမ်းမှောက်မှု မဖြစ်ရေးအတွက်မည်သို့ဆောင်ရွက်နေပါကြောင်း သိလိုသည်နှင့် စပ်လျဉ်းသည့်မေးခွန်း
ရထားပို့ဆောင်ရေးလုပ်ငန်းသည် ခရီးသွားလာရေးနှင့် ကုန်စည်ပို့ဆောင်ရေးကဏ္ဍ တွင် နိုင်ငံနှင့်နိုင်ငံသားများက အားကိုးရသောလုပ်ငန်း တစ်ခုဖြစ်သောကြောင့် ယခုအချိန်တွင် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ရန် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးနှင့် ကမ္ဘာ့အဆင့်တက်လှမ်းနိုင်ရေး အတွက် အဆင့်ဆင့် လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်နေပါကြောင်း၊ မူဝါဒများချမှတ်ဆောင်ရွက် နေကြောင်း ကိုလည်း အစီရင်ခံစာအရသိရှိရပါကြောင်း၊ ၂၀၁၃ ခုနှစ် သြဂုတ်လတွင် ရထားလမ်းကျော်မှု အကြိမ် ၂၀ ကျော်ဖြစ်ရကြောင်း စာစောင်တစ်ခုတွင် တွေ့ရှိရသဖြင့် ၎င်းသတင်းနှင့်စပ်လျဉ်း၍ မည်သို့ဆောင်ရွက် နေသည်ကိုသရှိလိုပါ သဖြင့်မေးမြန်း ရခြင်းဖြစ်ပါကြောင်း။
၂၀၁၃ ခုနှစ် သြဂုတ်လတွင် ရထားလမ်းချော်မှု အကြိမ်မည်မျှဖြစ်ခဲ့ပြီး ၂၀၁၃ ခုနှစ်အတွင်း ရထားလမ်းချော်မှုနှင့် တိမ်းမှောက်မှု မည်မျှရှိခဲ့၍ ထိခိုက်မှုနှင့် ပစ္စည်းတန်ဖိုးဆုံးရှုံးမှု မည်မျှဖြစ်ခဲ့သည်နှင့် ယင်းသို့ လမ်းချော်တိမ်းမှောက် မှု ဖြစ်ရခြင်းအကြောင်းအရင်းသည် မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုပါကြောင်း၊ ထို့အတူ အန္တရာယ် မဖြစ်စေရန် မည်ကဲ့သို့ဆောင်ရွက်ထားသည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။