(ဃ)-အမျိုးသားညီလာခံကိုယ်စားလှယ်ကြီးများအား ဂုဏ်ထူးဆောင်ဘွဲ့(သို့)ချီးမြှင့်ခံစားခွင့်စသည့်အသိ အမှတ်ပြု ဆောင်ရွက်ပေးမှု တစ်ခုခုပြုလုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၅ (က) တွင် နိုင်ငံတော်သမ္မတသည် ဥပဒေနှင့်အညီ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင် တံဆိပ်များ ချီးမြှင့်အပ်နှင်းခြင်းပြုနိုင်သည်ဟု ပြဋ္ဌာန်းထားသည်ကိုတွေ့ရှိရသောကြောင့် နိုင်ငံတော်သမ္မတကြီးမှလည်း ဥပဒေနှင့် အညီရဟန်း၊ လူပုဂ္ဂိုလ်များကို ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင် တံဆိပ်များ ချီးမြှင့်အပ်နှင်းပေးနေသည်ကို တွေ့ရှိနေရပါကြောင်း၊ ထို့အတူ မြန်မာနိုင်ငံတော်ကို ဒီမိုကရေစီစနစ်ထွန်းကား၍ အနာဂတ်တွင် နိုင်ငံတော်ကြီး ရေရှည်အကျိုးကောင်း မွန်စေရေးအတွက် ခိုင်မာသည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ဖြစ်ပေါ်စေရန် မရှိမဖြစ်လိုအပ်သည့်အတွက် ၁၉၉၃ ခုနှစ်မှစ၍ အတွေ့အကြုံကြွယ်ဝသည့် ပုဂ္ဂိုလ်များ၊ ပါတီခေါင်းဆောင်များအပါအဝင် နိုင်ငံတော်အတွင်းရှိ မြို့နယ်အားလုံးမှ တိုင်းရင်းသား ကိုယ်စားလှယ်များသည် အမျိုးသားညီလာခံကြီးကို ကျင်းပခဲ့ရာ ၃-၉-၂၀၀၇ ရက်နေ့ တွင် အောင်မြင်စွာပြီးဆုံးခဲ့ပြီး ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ အဖြစ် ပေါ်ပေါက်လာခြင်းဖြစ်ပါကြောင်း၊ အဆိုပါ ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်လာရေးအတွက် ပါဝင်ဆောင် ရွက်ခဲ့ကြသည့် နိုင်ငံ့ဝန်ထမ်းများ၊ ပါတီခေါင်းဆောင်များ၊ ပါတီဝင်များမဟုတ်သော မြို့နယ်အသီးသီးတို့မှ တိုင်းရင်းသား ကိုယ်စားလှယ်များဖြစ်သည့် အရပ်သားကိုယ်စားလှယ်များသည် ယခုအခါ အသက်အရွယ်ကြီး ရင့်အိုမင်းခြင်း၊ ကျန်းမာရေးမကောင်းဖြစ်၍ စီးပွားရေးချို့တဲ့ရသည့်အပြင် လူမှုဘဝရပ်တည်ရန် ခက်ခဲသည့် ကိုယ်စားလှယ်များလည်း ရှိနေပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်ထောင်စုအစိုးရအနေဖြင့် အမျိုးသားညီလာခံ ကိုယ်စားလှယ်ကြီးများအားလုံး သို့မဟုတ် ၁၉၉၃ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ နိုင်ငံ့တာဝန်များကို ကျေပွန်စွာ ပါဝင်ဆောင်ရွက်၍ ယနေ့ထိ အသက်ရှင်လျက်ရှိနေသည့် အမျိုးသားညီလာခံကိုယ်စားလှယ်တော်ကြီးများအား ဂုဏ်ထူးဆောင်ဘွဲ့ သို့မဟုတ် ချီးမြှင့်ခံစားခွင့်စသည့် အသိအမှတ်ပြုဆောင်ရွက်မှု ပြုလုပ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။