(က)-လူငယ်ပြုပြင်ရေးစခန်း ရွှေပြည်သာ၊ဝက်ထီး ကန်အား ပြန်လည်ပြုပြင်၍လူကြီး၊လူငယ်များအား စခန်းသွင်းလေ့ကျင့်ပေးရန်နှင့်အခြားတိုင်းဒေသကြီး ၊ ပြည်နယ်များတွင် လည်း အလားတူစခန်းများ တည်ဆောက်ပေးရန် နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-18

ဦးမင်းဆွေ (ဒိုက်ဦး)ပြန်လည်ထူထောင်ရေး၊ လူငယ်ပြုပြင်ရေး၊ လူငယ်ပြုပြင် ပျိုးထောင်ရေးစခန်းများအား ၁၉၈၂ ခုနှစ်မှစ၍ ရွှေပြည်သာ၊ ဝက်ထီးကန်စခန်း၊ ဝက်ထီးကန်ကျေးရွာအုပ်စု၊ ပြည်မြို့ နယ်၊ ရွှေပြည်အေး (ဖယ်ခုံမြို့နယ်)၊ ကယားပြည်နယ်၊ ရွှေပြည်သစ်(မူဆယ်ခရိုင်)တို့တွင် တည်ဆောက်ဖွင့်လှစ်ခဲ့ကြောင်း၊ ၎င်းစခန်းများသည် မူးယစ်ဆေးစွဲလူငယ်များသာမက လူကြီးများစိတ်ဓာတ်ပြုပြင်ရေး၊ လူငယ်များစိတ်ကျရောဂါခံစားနေရသူများကို စခန်း သွင်းကုသပေးပါကြောင်း၊ နိုင်ငံတကာတွင် အနုပညာရှင်များ၊ ရုပ်ရှင်မင်းသားမင်းသမီး များကို တရားရုံးမှ လူမှုရေးပြစ်ဒဏ်ချမှတ်လျှင် ၎င်းစခန်းများကဲ့သို့သော နေရာများအား ပို့ဆောင်ပြုပြင်သည်ကို ကြားသိရပါကြောင်း၊ အထက်ပါစခန်းများတွင် ပြည်သူ့ရဲ၊ အ ကျဉ်းဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ စိုက်ပျိုးရေးဌာန၊ မွေးမြူရေးဌာန၊ ကျန်းမာရေး ဌာနတို့မှဝန်ထမ်းများဖြင့် စုပေါင်းဖွဲ့စည်းထားသည်ကို သိရှိရပါကြောင်း၊ အထက်ပါစခန်း ၃ ခု၊ ရွှေပြည်အေးနှင့် ရွှေပြည်သစ်များတွင် ရန်ပုံငွေမရှိသဖြင့် ဝန်ထမ်းများ ဆက်လက် မထားနိုင်ခြင်း၊ အဆောက် အဦများ ပျက်စီးနေခြင်းတို့ကြောင့် ရပ်နားထားကြောင်း၊ ရွှေပြည်သာစခန်းသည် ငွေကြေးတတ်နိုင်သည့်မိဘများမှ ကုန်ကျစရိတ်၊ စားစရိတ်နှင့် အခြားစရိတ်များကျခံ၍ လာရောက်အပ်နှံသော လူငယ်များကိုသာ လက်ခံပြုစု ပျိုးထောင်ပေးနေသည်ကိုလည်း သိရှိရပါကြောင်း။

သို့ရာတွင် နှစ်ပေါင်း ၃၀ ကျော်ကြာမြင့်ပြီဖြစ်သည့်အတွက် အဆောက်အဦများပျက်စီးနေပြီး လမ်း၊ ရေ၊ မီး၊ မိလ္လာစနစ်များပါ ပြုပြင်ရန် လိုအပ်လျက်ရှိပါကြောင်း၊ ယနေ့ခေတ်လူငယ်အများစုသည် မူးယစ်ဆေးဝါး သုံးစွဲနေ သဖြင့် လူငယ်ပြုပြင်ပျိုးထောင်ရေး စခန်းများရှိခြင်းသည် တိုင်းပြည်အတွက်တန်ဖိုးရှိသည့် ကာယ၊ ဉာဏလုပ်သား များ ပြန်လည်ရရှိလာမည်ဖြစ်ပါကြောင်း၊ သို့ပါ၍ လူငယ်ပြုပြင်စခန်း ရွှေပြည်သာ၊ ဝက်ထီးကန်စခန်းအား နိုင် ငံတော်၏ပံ့ပိုးမှုဖြင့် ပြန်လည်ပြုပြင်တည်ဆောက်၍ လူငယ်များအား စခန်းသွင်းလေ့ကျင့်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အခြားတိုင်းဒေသကြီး/ပြည်နယ်များတွင် အလားတူစခန်းများ တည်ဆောက်ပေးရန်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်း ပါသည်။