(ခ)-မော်လိုက်မြို့ရှိချင်းတွင်းမြစ်ကမ်းနားလိုင်းနှင့်မြို့ တွင်းလိုင်းအတွက်မီးအားမြှင့်စက်တစ်လုံးစီနှင့်မီး ကြိုးလိုင်းများအသစ်အစားထိုးလဲလှယ်ပေးနိုင်ခြင်း ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
မော်လိုက်မြို့ပေါ်တွင် လျှပ်စစ် မီးစက်သစ်တစ်လုံးရရှိရေးအတွက် ပထမ အကြိမ် ပြည်သူ့ လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးမှာ တင်ပြခဲ့ရာ လျှပ်စစ်မီးစက် အသစ် အင်ဆောအမျိုးအစား ၅၀၀ ကေဗွီအေ စက်တစ်လုံးနှင့် လစဥ ဂါလံ ၁၁၇၈ ရရှိခဲ့ပြီး တစ်ညလျှင် နှစ်နာရီခန့် လျှပ်စစ်မီး ရရှိပါကြောင်း၊ အိမ်သုံးမီတာ အလုံးရေ ၇၀၀ ကျော် သုံးစွဲနေသည့်အပြင် မော်လိုက်မြို့နယ်အနေဖြင့် ချင်းတွင်းမြစ်ကမ်းပါး တွင် တည်ဆောက်ထားသည့်အတွက်လည်း ရှည်လျားသော မြို့တစ်မြို့ဖြစ် ပါကြောင်း၊ အချို့မီးသုံးစွဲရာ နေရာများသည် မီးစက်တည်ရှိရာမှ ၁၃ မိုင်ခန့်ကွာဝေးသည့်အတွက် လျှပ်စစ်မီးအားကို ၆၅ ဗို့မှ ၈၅ ဗို့ အကြားသာရရှိ ပါကြောင်း၊ မော်လိုက်မြို့နယ်တွင်လည်း လျှပ်စစ်ဓာတ်အားမလုံလောက် မှု ကြောင့် ကညင်ဆီ၊ ရေနံဆီများသုံးစွဲနေရပြီး မကြာခဏ မီးလန့်မှုများဖြစ်ပေါ်နေသည်ကို သိရှိရကြောင်း၊ ထို့ကြောင့် လျှပ်စစ်မီးပိုမိုလင်းနိုင်စေရန် ကမ်းနားလမ်းအတွက် ၅၀၀ ကေဗွီအေမီး အားမြှင့်စက် တစ်လုံး၊ မြို့တွင်းလိုင်းအတွက် ၂၀၀ ကေဗွီအေမီးအားမြှင့်စက်တစ်လုံး စုစုပေါင်း မီးစက် နှစ်လုံး တပ် ဆင်ပေးနိုင်ခြင်းရှိ/ မရှိနှင့် ကြိုးများသည်လည်း ၁၉၅၈ ခုနှစ်ကစတင် အသုံးပြုခဲ့ခြင်းကြောင့် အသစ် လဲ လှယ်ပေးနိုင် ခြင်းရှိ/မရှိနှင့် သိရှိလိုပါကြောင်းမေးမြန်းပါသည်။