(ဃ)-မကွေးတိုင်းဒေသကြီး၊တောင်တွင်းကြီးမြို့နယ် ရှိအငြင်းပွားနေသောစိုက်ပျိုးမြေများအတွက်တောင် သူလယ်သမားများသို့ပုံစံ(၇)ထုတ်ပေးသွားရန်အစီ အစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-18

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်ရှိ ရန်ပယ်ဆယ်၏အထက် ရေဝေရေလဲဧရိယာတွင် ဧက (၉၀၀၀၀) ကျော်ခန့်ရှိခဲ့ရာ အငြင်းပွားနေသော စိုက်ပျိုးမြေများအတွက် တောင်သူလယ်သမားများသို့ ပုံစံ(၇)ထုတ်ပေးသွားရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဦးအေးနိုင် (ဆင်ပေါင်ဝဲ)မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပရက်ကျင်၊ ဝက်ကသင်းကျေးရွာတို့၏ အရှေ့ဘက်ရှိ ရန်ပယ်ဆည်ကို နိုင်ငံတော်မှ ၂၀၀၀ ခုနှစ်တွင် တည်ဆောက် ၍ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပါကြောင်း၊ ယခင်က ဆည်၏ အထက် ရေဝင်ရေလဲဧရိယာတွင် ဧက ၉၀၀၀၀ ကျော်ခန့်ရှိခဲ့ရာ တောင်သူ ၁၅၃၀ ဦးပိုင် လယ်မြေ ၄၄၃၆.၆၂ ဧက၊ ယာမြေ ၂၁၇၅၀.၁၁ ဧက၊ အခြားကျေးရွာ သာသနာ၊ သုဿန်မြေ ၅၅၄.၈၃ ဧက အသီးသီးပါဝင်ခဲ့ကြောင်း။

ရန်ပယ်ဆည် တည်ဆောက်ပြီး နောက်ပိုင်းတွင် အထက်ဖော်ပြပါ ဧရိယာများကို ၂၀၀၃ ခုနှစ်တွင် သစ်တောမိန့်အမှတ် (၄၈/၂၀၀၃)ဖြင့် အဆိုပြုကာကွယ်တော အဖြစ် လည်းကောင်း၊ ၂၀၀၅ ခုနှစ်တွင် သစ်တောမိန့်အမှတ် (၃၅/၂၀၀၅)ဖြင့် ဘရုံကြိုးဝိုင်း အဖြစ်အတည်ပြု သတ်မှတ်ခဲ့ပါကြောင်း၊ ထိုသို့အတည်ပြု သတ်မှတ် လိုက်သည့်နောက်ပိုင်း မူလဆည် တည်ဆောက်ပြီးစတွင် ဓားမဦးချ လုပ်ကိုင်ခဲ့သော တောင်သူလယ်သမားများ မှာ ယခုအခါ ပုံစံ (၇)လည်းမရ၊ ပုံစံ(၇)မရတဲ့အတွက် စိုက်ပျိုးသည့်ချေးငွေလည်း မရမည်ကို စိုးရိမ်လာကြပါ ကြောင်း၊

ဘရုံကြိုးဝိုင်းမှ တောင်သူမြေများကို ကျူးကျော်ခြင်းဖြစ်ကြောင်း၊ ထို့အပြင် သစ်တောဦးစီးဌာနမှ တစ်ဧကလျှင် သစ်ပင် ၁၅၀ ရောနှောစိုက်ပေးရန် တောင်သူတွေကို တာဝန်ပေးခဲ့ကြောင်း၊ တောင်သူများမှ ယခင်ကတည်း မိမိတို့ လယ်များဖြစ်သည့်အတွက် တစ်ဧကသစ်ပင် ၁၅၀ စိုက်ပေးရန် လက်မခံလိုကြောင်းစသည့် မကျေနပ်ချက်များ အား လေ့လာကြားသိရပါကြောင်း၊ ယခုကဲ့သို့ မကျေမလည်ကိစ္စရပ်များကို သက်ဆိုင်ရာမှ အချိန်မီညှိနှိုင်းဖြေ ရှင်းပေးသင့်ပါကြောင်း၊ သို့ပါ၍-

မေးခွန်း(၁) အထက်ဖော်ပြပါ အငြင်းပွားနေသော လယ်မြေ၊ ယာမြေ၊ စိုက်ပျိုးမြေများအတွက် သက်ဆိုင် ရာ တောင်သူလယ်သမားများသို့ ပုံစံ(၇)ထုတ်ပေးသွားရန် အစီအစဉ်ရှိ/မရှိ။

မေးခွန်း(၂) ထုတ်ပေးရန်အစီအစဉ်ရှိပါက မည်သည်‌့ကာလတွင် စီစဉ်ဆောင်ရွက်ပေးသွားမည်ကို သိရှိလို ပါကြောင်း မေးမြန်းပါသည်။