(ဂ)-လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံ ရခြင်းမှပြည်သူများနစ်နာမှုမရှိစေရန် တာဝန်ရှိသူ တို့၏ ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်မပေးသည့် အချို့သော အာဏာပိုင်များအား မည်သို့ အရေးယူ ဆောင်ရွက်မည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း
သက်ဆိုင်ရာအစိုးရအဖွဲ့မှ ပြည်ထောင်စုအစိုးရအဖွဲ့သို့ လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံ ရမှုကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာ အပေါ် အရေးယူ ဆောင်ရွက်ချက်များတင်ပြရာတွင် မြေပြင်ရှိပကတိအခြေအနေနှင့် ကွဲလွဲစွာတင်ပြ ထားတာတွေ့ရှိရပါကြောင်း၊ သိမ်းဆည်းခံရသူပိုင်ရှင်များကို တရားဥပဒေ ကြောင်းအရ ဖြေရှင်းရန် လမ်းလွှဲခြင်း၊ ပြန်လည် တရားစွဲဆိုခြင်း၊ လန ၃၉ ကို ဆက်လက် မထုတ်ပေးရန်နှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့မှ လန ၃၉ အား ပယ်ဖျက်အမိန့်ထုတ်ပြန်၍ စွန့်လွှတ် မြေများအား သက်ဆိုင်သူများသို့ ပြန်လည်ပေးအပ်ရန် လမ်းညွှန်မှုတို့ကို မျက်ကွယ်ပြုခြင်း၊ ကာလ ပေါက်ဈေး၊ လျော်ကြေး၊ နစ်နာကြေးပေး ရန် ညှိနှိုင်းမှုမရှိခြင်း၊ အဆောက်အဦမရှိသောမြေများ၊ မူလရည်ရွက်ချက် နှင့်အညီ အသုံးမပြုသောမြေများ၊ စီမံကိန်းပြုလုပ်ခြင်းမရှိသောမြေများကို ပြန်လည်စွန့်လွှတ်ပေးရ မည့်အစား အကြောင်းအရင်းခိုင်မာ၍ မစွန့်လွှတ်သည့် အခြေအနေဆိုပြီးသုံးသပ်ခြင်း၊ အဆောက် အဦမရှိသော မြေများပေါ်တွင် အဆောက်အဦများ အတင်းတွန်းဆောက်ခြင်း၊ ခြံကာခြင်းများ ပြုလုပ်လာ၍ သိမ်းဆည်းခံရသူများက တိုင်ကြားသော်လည်း တားမြစ်ပေးမှု၊ အရေးယူဆောင်ရွက်ပေးမှုမရှိခြင်း၊ သိမ်းဆည်းခဲ့သောမြေများကို မမှန်မကန်ဖော်ပြခြင်း၊ အငှားချထားသူများ လက်ဝယ်သို့ပေးအပ်ခြင်း၊ နိုင်ငံတော်ကို စာရင်းဇယားမမှန်မကန် အစီရင်ခံခြင်း၊ လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရခြင်းမှ ပြည်သူများ နစ်နာမှုမရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်၏ စစ်ဆေးပြီးသား အမှုတွဲများကို မြို့နယ်မြေ အသုံးချမှု စီမံခန့်ခွဲရေးကော်မတီသို့ လွှဲပြောင်းမပေးခြင်း စသည်တို့ကို တွေ့ရှိရပါကြောင်း၊ ပြည်ထောင်စု လွှတ်တော်၏ တိုက်တွန်းအကြံပြုချက်များ၊ ဆွေးနွေးချက်များ၊ မြေသိမ်းသူများနှင့် စပ်လျဉ်းပြီး ဖြေရှင်း ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ၏ မြေမူဝါဒများ မြေအသုံးချမှု စီမံခန့်ခွဲရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ၏ လမ်းညွှန်ချက်တို့နှင့် ကွဲလွဲနေပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၂၈ ပုဒ်မခွဲ(က)တွင် ပြည်ထောင်စု အစိုးရသည် ပြည်ထောင်စု လွှတ်တော်က အခါအား လျော်စွာချမှတ်သည့် အုပ်ချုပ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်ရမည်ဟုလည်း ပြဋ္ဌာန်းထားတာ တွေ့ရှိရသည့်အတွက် သက်ဆိုင်ရာ အာဏာပိုင်များအား မည်ကဲ့သို့ အရေးယူ ဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။