(ခ)-အလုံမြို့နယ်၊ကမ်းနားလမ်းနှင့်အလုံလမ်းထောင့် မှအားကစားကွင်းဟောင်းအား နိုင်ငံတော်ပိုင်အားက စားကွင်းအဖြစ် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
အလုံမြို့နယ်တွင် ယခင်က အလုံလမ်းနှင့် ကမ်းနားလမ်းထောင့်တွင် အမှိုက်ပုံဟောင်းနေရာ၌ အားကစားကွင်းအဖြစ် မြို့နယ်အဆင့်၊ ခရိုင်အဆင့်ဘောလုံးပွဲများ ကျင်းပခဲ့သည်များ ရှိပါကြောင်း၊ ကျောင်းပေါင်းစုံဘောလုံးပွဲများ ပြိုင်ပွဲများအပြင် အခြားအားကစား ပြိုင်ပွဲများကိုပါ ကျင်းပပြုလုပ်နိုင်ခဲ့သည့်အပြင် ဒီဇင်ဘာအားကစားလ ပြည်သူ့လှုပ်ရှားမှုအတွက် အလုံမြို့နယ်အတွက် တစ်ခုတည်းသော အဓိကအားကစားကွင်းကြီးတစ်ခု ဖြစ်ခဲ့ပါကြောင်း၊ ထို့အပြင် ပွဲလမ်းသဘင် ရာသီများတွင်လည်း ဈေးပွဲတော်ကျင်းပရာနှင့် အငြိမ့်သဘင်ပြဇာတ်ပွဲ ကျင်းပရာနေရာလည်း အသုံးပြု ခဲ့ပါကြောင်း၊ သို့သော် ၂၀၀၈ နာဂစ်မုန်တိုင်းကြောင့် အကျိုးပျက်စီးသည့် ရန်ကုန်တိုင်းဒေသကြီးရှိ သစ်ပင်၊ သစ်တော၊ အားလုံး လာရောက်ပုံထားသည့်အတွက် အားကစားကွင်းကို အသုံးချခွင့်ဆုံးရှုံးခဲ့ရပါကြောင်း၊ ယခု အလုံသိပ္ပံဈေး အသစ်တည်ဆောက်သည့်အခါ ယာယီဈေးအဖြစ် ယင်းနေရာကို အသုံးပြုသည့်အတွက် မိမိတို့က ၆နှစ်ကျော်ခန့် အသုံးပြုခွင့်မရတော့ပါကြောင်း၊ အားကစားကွင်တွင် ကျောက်တံတား၊ လသာ၊ ပန်းပဲတန်း၊ လမ်းမတော်မြို့နယ်က အားကစားသမားများ လာရောက်ကစားကြသည်ကိုလည်း တွေ့ရှိရသည့်အတွက် ယင်းလုပ်ငန်းနှင့် ကမ်းနားလမ်းထောင့်တွင် ယခင်ရှိခဲ့သည့် ပြည်သူ့အားကစားကွင်းနေရာတွင် ပုဂ္ဂလိကလုပ်ငန်းရှင်များက ဓာတ်ဆီဆိုင်များနေရာကို ငှားစားသည်မျိုး ထပ်မံပြီး မဖြစ်စေလိုသည့်အတွက် အလုံမြို့နယ် ကမ်းနားလမ်းနှင့် အလုံလမ်းထောင့်တွင် အားကစားကွင်းအဖြစ် မူလကအသုံးပြုခဲ့သော အားကစားကွင်းဟောင်းအား ပုဂ္ဂလိကပိုင် မဟုတ်သည့် နိုင်ငံတော်ပိုင် အားကစားကွင်းအဖြစ် ပြည်ထောင်စုအစိုးရမှ ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။