(င)-၂၀၁၂ လယ်ယာမြေဥပဒေ၊နည်းဥပဒေများ၏ အကျိုးသက်ရောက်မှုကို တောင်သူလယ်သမား များအမှန်တကယ် ခံစားခွင့် ရရှိရန်နှင့် စပ်လျဉ်းသည့်မေးခွန်း
၂၀၁၂ လယ်ယာမြေဥပဒေ၊ နည်းဥပဒေများ၏အကျိုးသက်ရောက်မှုကို တောင်သူလယ်သမားများ အမှန် တကယ်ခံစားခွင့် မရှိသေးပါကအဆင့်ဆင့် တာဝန်ရှိသူများမှ မှန်ကန်၊ မြန်ဆန်စွာဆောင်ရွက်ပေးရန် နှင့် စပ်လျဉ်းသည့် မေးခွန်း
မြေသည်လူသားတို့နှင့် ရင်းနှီးဆုံးသော အခြေခံအကျဆုံးသော၊ မပတ်သက်လျင် ရပ်တည်၍မရနိုင်သော ပစ္စည်ဥစ္စာဖြစ်သည့်အတွက် လူတိုင်းနှင့်မကင်းကွာနိုင်သော အရာဖြစ်ပါကြောင်း၊ ပြည်သူများ၏ စားဝတ်နေရေး ဘဝကို ကာကွယ်စောင့်ရှောက် မြှင့် တင်ပေးမည်ဆိုပါက ပြောင်းလဲဖြစ်ပေါ်နေသော အခြေအနေအရပ်ရပ်နှင့် လိုက်လျော ညီထွေရှိအောင် မြေယာစီမံခန့်ခွဲမှုများကို အကောင်းဆုံးနှင့် အမှန်ကန်ဆုံး စီမံဆောင် ရွက်မှုများ လိုအပ်မည် ဖြစ်ပါကြောင်း၊ ယနေ့ နိုင်ငံတော် သစ်အစိုးရလက်ထက် တွင် ပြည်သူများ၏ စားဝတ်နေရေးလိုအပ်ချက်၊ အလုပ်အကိုင် အခွင့်အလမ်း လိုအပ်ချက်၊ နေ့စဉ်လူမှုဘဝလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အလို့ငှာ အဖက်ဘက်က ဖြည့်ဆည်းဆောင်ရွက်ခြင်း များနှင့်အတူ နိုင်ငံ၏ ၇၀ ရာခိုင်နှုန်း မျှသော ကျေးလက်နေပြည်သူများ၏ လုပ်ငန်း ကဏ္ဍဖြစ်ဖြစ်သော လယ်ယာဖွံ့ဖြိုးရေး တိုးတက်စေရေးအတွက် ၂၀၁၂ လယ်ယာမြေဥပဒေကို ပြဋ္ဌာန်းပေး ခဲ့ခြင်းလည်း ဖြစ်ပါကြောင်း၊ ဥပဒေများ တွင် ပြည်သူများ၏ အကျိုးစီးပွားကိုမည်သို့ပင် ဗဟိုပြုရေးဆွဲပြဋ္ဌာန်းပေးထားစေကာမူ ယင်းဥပဒေ များကို လိုက်နာဆောင်ရွက်ရမည့် တာဝန်ရှိသူအားလုံးက အပြည့်အဝပူပေါင်းပါဝင်ပြီး မှန်မှန်ကန်ကန် ကျင့်သုံးဆောင်ရွက် မှသာဥပဒေ၊ နည်းဥပဒေများ၏ အကျိုးသက်ရောက်မှုကို ထိထိရောက်ရောက် ခံစားခွင့် ရရှိကြမည်ဖြစ်ပါကြောင်း။ ယနေ့ ၂၀၁၂ လယ်ယာမြေဥပဒေ၊ နည်းဥပဒေများကို ပြဋ္ဌာန်းခဲ့ရာ ၂ နှစ်နီးပါးမျှ ကြာမြင့်ပြီးဖြစ်သော်လည်း သက်ဆိုင်ရာသူတောင်သူလယ်သမားများအဖို့ ဥပဒေပါအခွင့်အရေးများကို အမှန်တစ်ကယ် ခံစားခွင့်ရရှိကြသော အကြောင်းများကြားရ၊ မြင်တွေ့ရသည်များမှာ များစွာမှဝမ်းနည်း ဖွယ်ရာကောင်းပါကြောင်း၊ လွှတ်တော် အတွင်း မေးခွန်းများနှင့် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနက အဖြေများမှာ အင်မတန်ဝမ်းမြောက် ဝမ်းသာ စရာကောင်းသော အဖြေများအဖြစ် လက်ခံရရှိသော်လည်းပဲ လွှတ်တော်နားပြီး နယ်မြေပြန်သွားရာ တွင် အောက်ခြေ ပြောင်းလဲမှုများတွင် အင်မတန်နှေးကွေးပြီး ပြည်သူများဒုက္ခခံစားနေ ရသည်ကိုတွေ့မြင်ရ ဆဲဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မေးမြန်းသွားလိုသည်မှာ ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ၊ နည်းဥပဒေများ၏ အကျိုး သက်ရောက်မှုကို တောင်သူလယ်သမားများ အမှန်တစ်ကယ် ခံစားခွင့်မရရှိကြသေးသည်ကို အသိအမှတ်ပြု ပါသလား။ အကယ်၍ ခံစားခွင့်မရရှိကြသေးပါက အဆင့်ဆင့်တာဝန်ရှိသူများမှာ မှန်ကန်မြန်ဆန်စွာ ဆောင် ရွက်ပေးရေး အတွက်မည်ကဲ့သို့ ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။