(စ)-ခန္တီးမြို့နယ်အားအထူးဖွံ့ဖြိုးရေးဒေသတွင်ထည့် သွင်းလျက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင် ရွက်ပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်း သည့် မေးခွန်း
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့နယ် စာရာမေတိတောင်ခြေရှိ တောင်ပေါ် တွင် ကျေးရွာအုပ်စု ခြောက်အုပ်စု၊ ကျေးရွာ ၂၈ ရွာရှိပါကြောင်း၊ ယင်းကျေးရွာများသည် နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိခြင်း များကြောင့် ၁၉၉၀ ခုနှစ်အထိ တစ်ကြိမ်တစ်ခါမှ မဲပေးခွင့်မရရှိသည့်အပြင် ယနေ့အထိ အထက်တန်း အောင်မြင်သူ ၁၀ ယောက်ပင် မရှိသေးသည်ကိုလည်းတွေ့ရှိရပါကြောင်း။
ထမံသီရေအား လျှပ်စစ်စီမံကိန်း စတင်တိုင်းတာသော ၁၉၆၂ ခုနှစ်ကစတင်ကာ ခန္တီးမြို့နယ်သည် ရေဝပ်ဧရိယာသို့ တစ်ချိန်တွင် ကျရောက်သွားမည်ဖြစ်ခြင်းကြောင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် ပေးနိုင်ခြင်းတွင် အလွန် အားနည်းခဲ့သည် ကိုတွေ့ရှိရပါကြောင်း၊ ဟုမ္မလင်း၊ လေရှီး၊ လဟယ်၊ နန်းယွန်းမြို့နယ်များ ရှိ ကျေးရွာများနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက ခန္တီးမြို့နယ်ရှိ ကျေးရွာများသည် ဖွံ့ဖြိုးတိုးတက်မှု လွန်စွာနောက် ကျနေသည်ကိုတွေ့ရှိရပါကြောင်း၊ တပ်မတော်အစိုးရ လက်ထက်တွင် လဟယ်မြို့ နယ်၏ အရှေ့တောင်ဘက်ခြမ်းရှိ ထန်ပါခွေရွာကို မြို့နယ်ခွဲအဖြစ် တိုးချဲ့ ဖွင့်လှစ်လိုက်ပြီး ဆင်သေ-လဟယ် ၁၈ မိုင်ကမှ ထန်ပါခွေမြို့နယ်ကို ကားလမ်း ဖောက်ပေးခဲ့ခြင်းကြောင့် ယခုအခါမှာတော့ ကျန်းမာရေး၊ ပညာရေးဌာနဝန်ထမ်းများ သွားရောက်တာဝန် ထမ်းဆောင်နိုင်ပြီဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း နယ်စပ်ရေးရာဝန်ကြီးဌာနက ထည့်သွင်းပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေခြင်းကြောင့် အဘက်ဘက်က ဖွံ့ဖြိုးတိုးတက်မှု များစွာနောက် ကျနေသေးသော ခန္တီးမြို့နယ်ကို အထူးဖွံ့ဖြိုးရေးအစီအစဉ်တွင် ထည့်သွင်းပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင် ရွက်ပေးနိုင်ခြင်း အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။