(င)-သန်းခေါင်စာရင်း ကောက်ယူရာတွင် ကချင် မျိုးနွယ်စုအားလုံးကိုကချင်တိုင်းရင်းသားလူမျိုးဟု သတ်မှတ်ကြေငြာပေးရန်နှင့် သဘောတူညီချက် ရယူပြီး ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြု မှတ်တမ်းတင်ရန်နှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-18

ဒေါ်ဒွဲဘူ (အင်ဂျန်းယန်)ယနေ့မေးမြန်းလိုသည့်မေးခွန်းများမှာ ၂၀၁၄ ခုနှစ်၊ ပြည်လုံးကျွတ်လူဦးရေးနှင့်အိမ် အကြောင်းအရာ သန်းခေါင်စာရင်‌း ကောက်ယူရေး အစီအစဉ်တွက် ကချင်းတိုင်းရင်း သားမျိုးနွယ်စုများနှင့် သက်ဆိုင်သော မေးခွန်း(၃) ခုကို မေးမြန်းသွား မည်ဖြစ်ပါကြောင်း၊ ယင်းမေးခွန်းကို မေးမြန်းရသည့်ရည်ရွယ်ချက်မှာ “၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် လူဦးရေ အိမ်အကြောင်းအရာသန်းခေါင်း စာရင်းကောက် ယူရန် ရက်အနည်းငယ်သာ လိုအပ်သောအချိန်မှာ ကချင်တိုင်းရင်းသားလူမျိုးများ အတွင်း မေးခွန်း (ပုံစံ ၈) လူမျိုးနဲ့ပတ်သက်သောဇယားကို ဖြေဆိုရာတွင် တိကျသေချာမှုရှိစေရန်နဲ့ ဝိရောဓိများ၊ သံသယဖြစ်မှုများ ရွေးချယ်ရန် ခက်ခဲနေသောအခြေအနေများ ကို အောင်မြင် ကျော်လွှားနိုင်စေရန် အတွက်” ဖြစ်ပါကြောင်း။

၂၀၁၄ ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းစဉ်မေးခွန်းပုံစံ ၈ လူမျိုးနှင့်ပတ်သက်ပြီး ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းကောက်ယူစဉ်က လူမျိုးစာရင်းကို အခြေခံထားရာတွင် ကချင်တိုင်းရင်းသား မျိုးနွယ်စုများနှင့် ပတ်သက်၍ ဒေသအခေါ် အဝေါ်များရောထွေးနေခြင်း၊ စာလုံးပေါင်းမှားယွင်းခြင်း၊ အချို့မျိုးနွယ်စုများ ကျန်နေခြင်းများ ရှိနေပါကြောင်း၊ အရေးကြီးဆုံးအချက်မှာ ကချင်မျိုးနွယ်စုများ၏ ဘုံနာမည်ဖြစ်သော ကချင်ကို မျိုးနွယ်စုစာရင်းတွင် ထည့်သွင်းပြီး  Code နံပါတ် 101 လို့သတ်မှတ်ကာ မေးခွန်းဖြေဆိုရန် ဇယားပါဝင်နေပါကြောင်း၊ ကချင်တိုင်းရင်း သားများမှာ ကချင်ဟူသော ဘုံနာမည်ကို ချစ်ခင်မြတ်နိုးပြီး ထာဝစဉ်ထိန်းသိမ်းကြသကဲ့သို့ မိမိတို့၏မျိုးနွယ်စုများ ကိုလည်း တန်ဖိုးထားဂုဏ်ယူကြသူများ ဖြစ်ပါကြောင်း။

ကချင် တိုင်းရင်သားလူမျိုး မျိုးနွယ်စုတိုင်းမှာ စာပေ၊ ယဉ်ကျေးမှု အမှတ်လကဏ္ခများ တန်ဖိုးထားမှုများ ကိုယ်စီရှိ ကြသည့်အတွက် မိမိတို့၏ မျိုးနွယ်စုများတည်ရှိမှုမှာ အရေးပါသည့် အခန်းကဏ္ဍတစ်ခု ဖြစ်လာပါကြောင်း၊ သို့သော် ယခုအခါ ကချင် 101 Code  နှင့် ပတ်သက်၍ ကချင်တိုင်းရင်းသား မျိုးနွယ်စုများအတွင်း ဒွိဟနှင့်ဝိရောဓိများ ဖြစ် ပွားနေပြီး ငြင်းခုန်းမှုများကြုံတွေ့ နေကြရပါကြောင်း၊ တစ်ချို့ကဘုံနာမည်ဖြစ်သော ကချင် 101 ကို ဖြေဆိုရန် တိုက်တွန်းကြပြီး တစ်ချို့က မိမိတို့ပါဝင်သော မျိုးနွယ်စု သတ်မှတ်ချက်များကို ဖြေဆိုရန် တိုက်တွန်းနေကြ ပါကြောင်း။

၂၀၁၄ ခုနှစ်၊ မတ်လ ၁ ရက်နေ့က နေပြည်တော်အပြည်ပြည်ဆိုင်ရာ မြန်မာကွန်ဗင်းရှင်းစင်တာတွင် ကျင်းပသော ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်း အထိမ်းအမှတ် အခမ်းအနားတွင် နိုင်ငံတော်သမ္မတကြီးက သန်းခေါင်စာရင်းဆိုသည်မှာ လူဦးရေ စုစုပေါင်းအရေအတွက် လောက် ကိုသာ ဖော်ထုတ်ရရှိလာခြင်းမဟုတ်ဘဲ နိုင်ငံသူဦးရေ၊ နိုင်ငံတည်ရှိမှုနှင့် မျိုးနွယ်စုများ ပါဝင်ဖွဲ့စည်းမှု တို့ကိုပါ ဖော်ညွှန်းနိုင်သည့်အတွက် အလွန်အရေးကြီးသောလုပ်ငန်းဟု ဆိုနိုင်ကြောင်း၊ ဒီသန်းခေါင်စာရင်း မှ နိုင်ငံတည်ရှိမှု လူမျိုးစုများဖွဲ့စည်းပါဝင်မှုအင်အားနှင့် အမျိုးသား ပေါင်းစည်းမှုများကို မှန်ကန်သောကိန်းဂဏန်းပေါ် အခြေတည်ပြီး ကမ္ဘကိုထုတ်ဖော် ပြသနိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်သမ္မတကြီးမှ ပြောကြားခဲ့သည်မှာ ကချင် တိုင်းရင်းသား မျိုးနွယ်စုများ ရွေးချယ်ရမည့် လမ်းကို ဖော်ပြနေကြောင်း သိမြင်ခဲ့ရပါကြောင်း၊

ကချင်း တိုင်းရင်းသားများအတွင်း ၂၀၁၄ ခုနှစ် သန်းခေါင်းစာရင်း ကောက်ယူမှုနှင့်ပတ်သက်၍ ကျယ်ကျယ်လောင်လောင်နှင့် စိုးရိမ်ပူပန်မှုများ ရှိနေခြင်းမှာ ဘုံနာမည်ဖြစ်သော ကချင်နှင့် မျိုးနွယ်စု အသီးသီးတွင် ပါဝင်နိုင်ရေးဖြစ်ပြီး လက်ရှိဇယားမှာ ကချင်တိုင်းရင်းသားများ အတွက် မျိုးနွယ်စုအတွင်း ရွေးချယ်မှုနှင့် ဘုံဖြစ်သော ကချင် 101 ရွေးချယ်မှု နှစ်ခု ဖြစ်နေပါကြောင်း၊ ကချင် 101  ကိုသာ ဖြေဆိုပါက မျိုးနွယ်စုများကို ပြန်လည်ရွေး ထုတ်ရန်အလွန် ခက်ခဲသွားနိုင်ပါကြောင်း၊ မျိုးနွယ်စုအားလုံးကို အသေးစိတ်ဖြေဆိုပါက တိကျမှန်ကန်သော မျိုးနွယ်စုစာရင်းကို ရရှိနိုင်ယုံမက မျိုးနွယ်စုအားလုံးကို စုပေါင်း ခြင်းဖြင့် ကချင်ဟူသော ဘုံနံမည်ဖြစ်သည့် ကချင်လူမျိုး စာရင်းကိုပါ ရရှိနိုင်မည်ဖြစ်ပါကြောင်း။

သို့ဖြစ်ပါ၍ ကချင်တိုင်းရင်းသားလူမျိုးများ၏ လှပသောအနာဂတ်ကိုဖန်တီးနိုင်ရေး၊ နိုင်ငံတော်၏ သန်းခေါင်စာ ရင်း ကောက်ယူရေး လုပ်ငန်းစဉ်တွင် ကချင်တိုင်းရင်းသားလူမျိုး မျိုးနွယ်စုအားလုံး သံသယကင်းရှင်းစွာဖြင့် မနာ ဂတ်မျှော်လင့်ချက်များစွာဖြင့် အားလုံးပါဝင်နိုင်ကြစေရန် ရည်ရွယ်ချက် ဖြင့် လည်းကောင်း ရွေးချယ်မှုမှားယွင်းခြင်း ကင်းပြီး မှန်ကန်သောရွေးချယ်မှုဖြင့် မိမိတို့ကချင်တိုင်းရင်းသား မျိုးနွယ်စုများ၏ အနာဂတ်ကို ဖန်တီးနိုင်ကြစေရန် ရည်ရွယ်ချက်ဖြင့်လည်းကောင်း ဤမေးခွန်းကို မေးမြန်းရခြင်းဖြစ်ပါကြောင်း-

(၁)     ၂၀၁၄ ခုနှစ် ပြည်လုံးကျွန်လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်းစာရင်းကောက်ယူခြင်း၊ မေးခွန်းပုံစံ ၈ လူမျိုးဇယားကိုဖြေဆိုရာတွင် ကချင်လူမျိုးဟုဖြေကြားလာပါက စာရင်းကောက်ယူသူများအနေဖြင့် မည်သည့် မျိုးနွယ်စု ဖြစ်ပါသနည်း ဟူသည့် ဒုတိယမေးခွန်းကို ထပ်မံမေးမြန်းပြီး ပြန်လည်ဖြေဆိုမည့်မျိုးနွယ်စုအမည်၏ Code နံပါတ် သတ်မှတ်ချက်ကိုပါ စာရင်းတွင် ဖြည့်စွက်ပေးပါရန် အချိန်မှီဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ။

(၂)     ကချင်တိုင်းရင်းသားလူမျိုးတွင်ပါဝင်သော Code နံပါတ် သတ်မှတ်ထားသော မျိုးနွယ်စုများနှင့် Code နံပါတ် သတ်မှတ်ချက်တွင် မပါဝင်သဖြင့် အခြားစာရင်းတွင်ပါဝင် သွားမည့်ကချင်မျိုးနွယ်စုများ အားလုံးကိုစုပေါင်း၍ ကချင်တိုင်းရင်းသားလူမျိုးဟု သတ်မှတ်ကြေညာမှတ်တမ်းတင်ထားရှိပေးရန် အစီအစဉ် ရှိ/မရှိ။

(၃)     ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူမှုပြီးစီး၍ တိုင်းရင်းသားများ၏ မျိုးနွယ်စုစာရင်းများ မှန်ကန်တိ ကျအောင် ပြန်လည်ပြုစုရာတွင် ကချင်တိုင်းရင်းသားလူမျိုးတွင် ပါဝင်သော မျိုးနွယ်စုများအားလုံး၏ သဘာတူညီချက်ရယူပြီး နောင်ကျင်းပမည့် ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြုမှတ်တမ်းတင် ထားရှိပေးရန် အစီအစဉ် ရှိ/မရှိ တို့ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။