(ဂ)-ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ရာဇဝတ်မှုများ တစ်နေ့တခြားများပြားလာခြင်းအပေါ်မြန်မာနိုင်ငံရဲ တပ်ဖွဲ့မှမှုခင်းကျဆင်းရေးအတွက် ထိန်းချုပ်နိုင်မှု အခြေအနေ ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-18
မေးခွန်း အကြောင်းအရာ 

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၄ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိဖြစ်ပွားခဲ့သော လူသတ်မှုနှင့် လုယက်မှုများသည် ၂၀၁၃ ခုနှစ်အတွင်းဖြစ်ပွားခဲ့သည့် ဖြစ်စဉ်အရေအတွက်ထက် ပိုမိုဖြစ်ပွားခဲ့ပါကြောင်း၊ ၁.၁.၂၀၁၄ ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက်နေ့ထိ ဖြစ်ပွားခဲ့သော လူသတ်မှုဖြစ်စဉ်များနှင့် ၁၂၅ မှုအား တရားစွဲဆိုနိုင်ခဲ့ပြီး လက်ကျန်အမှုသည် ၂၃ ခုသာ ကျန်ရှိပါကြောင်း၊ လုယက်မှုဖြစ်စဉ် ၂၄ မှုအား တရားစွဲဆိုနိုင်ခဲ့ပြီး  ၁၂ မှုသာတရားစွဲဆိုရန် ကျန်ရှိနေကြောင်းကို ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံး၏ သတင်း ထုတ်ပြန်ချက်အရ သိရှိရပါကြောင်း၊ သို့သော် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် ဖြစ်ပွားခဲ့သော နှစ်လောင်းပြိုင်လူသတ်မှု၊ အင်းလျားကန်စောင်းတွင် လုယက်မှုဖြစ်ပြီး ကားခိုးယူထွက်ပေးမှု၊ အင်းစိန်မြို့နယ်အတွင်း စားသောက်ဆိုင်တစ်ဆိုင်အား ဝင်ရောက်ပြီး ဓားပြတိုက်မှု၊ နေ့ခင်းဖက်တွင် ရွှေဆိုင်နှင့် စတိုးဆိုင်များကို ဝင်ရောက်ပြီး ဓားပြတိုက်မှု ကျူးလွန်သည့်နေရာရှိ ဆိုင်များတွင် CCTV ကင်မရာများ တပ်ထားသော်လည်း တရားခံများကို စုံစမ်းဖော်ထုတ်ပြီး ဖမ်းဆီးပေးနိုင်မှုမရှိခြင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း လူသတ်မှုနှင့် လူသတ်ပြီး ရွှေထည်ပစ္စည်းများ ယူဆောင်သွားမှုသည် ယခုအချိန်ထိ လူ ၅၀ ကျော် ကိုစစ်ဆေးပြီးသော်လည်း ကျူးလွန်သည့်တရားခံကို ဖော်ထုတ်ဖမ်းဆီးပေးနိုင်မှုမရှိခြင်း စသည့် အမှုများသည် ယခုအချိန်ထိ တရားခံဖမ်းဆီးရမိမှု မရှိဘဲ အများပြည်သူများအနေဖြင့် စိုးရိမ်ထိတ်လန့်ဖြစ်ရပါကြောင်း၊ ၎င်းအပြင် အုပ်စုဖွဲ့၍ မင်းမဲ့စရိုက်ဆန်ဆန် အပြင်းအထန်ရိုက်နှက်မှုများ ဖြစ်ပွားခဲ့သည့် သမ္မတရုပ်ရှင်ရုံအနီးက ရိုက်နှက်မှုနှင့် သာကေတမြို့နယ်နှင့် ဗဟန်းမြို့နယ်စားသောက်ဆိုင်များက ရိုက်နှက်မှုများသည်လည်း သတင်းစာနှင့် ဂျာနယ်များတွင် အထင်ကရသတင်းများအဖြစ် ဖော်ပြချက်များရှိခဲ့သော်လည်း အရေးယူမှုနှင့် နောက်ဆက်တွဲ မှုခင်းအခြေအနေတို့ကို လုံးဝမသိရသည့်အပြင် ပုံသဏ္ဍာန်တူအုပ်စုဖွဲ့ရိုက်နှက်မှုများသည်လည်း နေရာအနှံ့အပြားတွင် အများအပြားဖြစ်ပွားနေကြောင်း သတင်းများအရ သိရှိရပါကြောင်း၊ ထို့အပြင် ညအချိန်မတော် အများပြည်သူသွားလာသည့် လမ်းများပေါ်တွင် ပြိုင်ကားနှင့် မော်တော်ကားများ အုပ်စုဖွဲ့ မောင်းနှင်ပြီး ရမ်းကားမှုကြောင့် ပြည်သူလူထုအနေဖြင့် ညအချိန်လမ်းထွက်ရမည်ကို စိုးရိမ်ကြောင့်ကြပြီး သွားလာနေရသည့်သူများအနေဖြင့်လည်း ထိတ်လန့်ကြောက်ရွံ့စွာ သွားလာနေရပါကြောင်း၊ ပြစ်မှုကျူးလွန်သူများကို ထိရောက်သော ပြစ်မှုပြစ်ဒဏ်များ မချမှတ်နိုင်ခြင်းကြောင့် ပိုမိုအတင့်ရဲလာမှုများလည်း သတင်းများအရ ကြားသိနေရပါကြောင်း။

ထို့ကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့် လုံခြုံရေးအတွက် တစ်နေ့တစ်ခြားများပြားလာသည့် မှုခင်းများအပေါ် မှုခင်းကျဆင်းရေးအတွက် ထိန်းချုပ်နိုင်မှုနည်းလမ်းနှင့် လူအများစိတ်ဝင်စားသည့် တရားခံမပေါ်ပေါက်သေးသည့်မှုခင်းများအတွက် မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်မည်နှင့် နိုင်ငံတကာအဆင့်မီ ရာဇဝတ်မှုနှိမ်နှင်းရေးနည်းလမ်းများကို မည်ကဲ့သို့ ကျင့်သုံးဆောင်ရွက်မည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။