(စ)-ညောင်လေးပင် နှင့်ကျောက်တံခါးမြို့နယ်ရှိ ပျက်စီးနေသော ကျေးရွာချင်းဆက် မြေသားလမ်းမကြီးအား ပြုပြင်ပေးရန် အစီအစဉ်ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်နှင့် ကျောက်တံခါးမြို့နယ် မြို့နယ်နှစ်မြို့နယ်နှင့်သက်ဆိုင်သော ကျေးရွာအများစုအတွက် အကျိုးဖြစ်ထွန်းနိုင်သော ပိန်းဇလုပ်၊ ကညင်ကျိုးကျေးရွာချင်းဆက် မြေသားလမ်းမကြီးသည် အရှည်အားဖြင့် (၅) မိုင်ခန့်၊ အကျယ်အားဖြင့် ၁၂ ပေခန့် ရှိပါကြောင်း၊ ၎င်းလမ်းကို အသုံးပြုသွားလာနေသော ရွာများမှာ စစ်တောင်းမြစ် အရှေ့ဘက်ကမ်းနှင့် အနောက်ဘက်မှ ကမ်းရွာများဖြစ်သော ကညင်ကျိုးရွာဟောင်း၊ လှေတန်းကျွန်းကြီး၊ ကရင်ကျွန်း ကြီး၊ ပြည်တော်သာကျွန်း၊ ထိုးဝါးစိုက်၊ ရွာကန့်လန့်၊ ရွှေသောင်၊ ဟင်္သာဝဲ၊ ကျည်စု၊ ဝဲမှူး၊ သစ်ဖရောင်းတန်း၊ လိမ်ပင်ဝဲ၊ ပဒဲကော၊ ဂေါ်သဇင်၊ မဘီးကြီး၊ မဘီးလေး၊ ရှမ်းစု၊ ဒါးကုလား၊ ငါးဖယ်အင်း(အရှေ့)၊ တုံးတံတား၊ မအူပင်၊ လက္ခံ၊ ငါးဖယ်အင်း၊ ခင်ကန့်လန့်၊ ပိန်းဇလုပ်ရွာမှ ရွာများဖြစ်ပြီး ဤလမ်းမကြီးသည် ယခုအချိန်တွင် ပျက်စီးနေပါသဖြင့် မိုးတွင်း ကာလတွင် လုံးဝသွားလာ၍မရနိုင်ပါကြောင်း၊ ညောင်လေးပင်လမ်းပိုင်းမှ သွားလာနိုင်သော်လည်း ကျောက်တံခါးမြို့နယ်လမ်းပိုင်း မြို့ရွာတောင်ပေါ်တွင် သွားလာ၍မရပါကြောင်း၊ သို့ဖြစ်ပါ၍ ဤလမ်းမကြီးကို အားကိုးသွားလာနေသော အထက်ပါကျေးရွာများမှပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးကိစ္စရပ်များ အလွန်ပင်ခက်ခဲဒုက္ခရောက်နေပါကြောင်း၊ ဤလမ်းမကြီးကို နိုင်ငံတော်မှ ပြုပြင်ပေး မည်ဆိုပါက အထက်ပါကျောက်ကြီး၊ ရွှေကျင်၊ ညောင်လေးပင်၊ ကျောက်တံခါးမြို့နယ်များမှ ကျေးရွာ များအတွက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးကိစ္စရပ်များ အဆင်ပြေသွားနိုင်မည်ဖြစ်ပါ၍ ဤလမ်းမကြီးအား နိုင်ငံတော်မှပြုပြင်ပေးနိုင်ပါရန် အစီအစဉ်ရှိ/မရှိနှင့် ရှိပါကမည်သည့်အချိန်တွင် ပြုပြင်ပေးမည်ကိုသိလိုပါသဖြင့် ကျေးလက်နေပြည်သူများ ကိုယ်စား မေးမြန်းပါသည်။