(ခ)- အမြင့်ဆုံး တရားရုံးမှ ဆုံးဖြတ်ချက်တစ်ရပ်ကို အုပ်ချုပ်ရေးမဏ္ဍိုင်မှ အကောင်အထည်မဖော်ဘဲတ လွဲအကောင်အထည်ဖော်ရန် ပြုမှုခြင်းများသည်ဖွဲ့ စည်းပုံအခြေခံဥပဒေကိုဆန့်ကျင်ဖောက်ဖျက်ရာရောက် မရောက်သိလိုသည်နှင့်စပ်လျဉ်းသည့်မေးခွန်း
မိမိအနေဖြင့် မန္တလေးမြို့ရှိ ရှမ်းတိုင်းရင်းသားများ၏ သာရေးနာရေး အသင်းပိုင်ဆိုင်သော ၃၅ လမ်းမပေါ်က မြေနေရာနှင့် ပတ်သက်သော၍ မေးမြန်းလိုခြင်း ဖြစ်ပါကြောင်း၊ ၁၉၉၁ ခုနှစ် ဒီဇင်ဘာလက မန္တလေးတိုင်း ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့က မန္တလေးမြို့ ၃၅ လမ်းပေါ်ရှိ အမှတ်(၇၅၄) ဦးပိုင် အမှတ်(၁၁)ကနေ (၂၀)အထိ ၁၀ ကွက်တိတိနှင့် မြေဧရိယာ ၂.၄၆၈ ဧကကို ရှမ်းတိုင်းရင်းသားများ သာရေး၊ နာရေး အသင်း အဆောက်အဦတည်ဆောက်ဖို့ ရည်ရွယ်ချက်ဖြင့် ချထားပေးခဲ့ပါကြောင်း၊ လျှောက်ထားစဉ်က ရှမ်းတိုင်းရင်းသားများ သာရေး၊ နာရေးအသင်း ဆောက်လုပ်ရန်ဟု ရေးသားထားသော်လည်း ဂရန်လျှောက်ထားသူ နေရာသူနေရာတွင် အသင်း၏ ဒုတိယဥက္ကဋ္ဌ ဦးစိုင်းအိုက်ဖုန်း၏ ဇနီး အမည်ဖြင့် လျှောက်ထားခြင်းဖြစ်ပါကြောင်း။ ဦးစိုင်းအိုက်ဖုန်း၏ ဇနီးဖြစ်သူသည် အဆိုပါမြေကွက်၏ အချို့တဝက်ကို တရုတ်သူဌေး ဦးကျန်းမင်အံ့ကို ရောင်းချ ပေးခဲ့ခြင်း၊ နေအိမ်နှင့် အဆောက်အဦများပါ ဆောက်လုပ်ခဲ့ ခြင်းဖြင့် အလွဲသုံးစားပြုလုပ်ခဲ့ခြင်းတို့ကြောင့် မန္တလေးခရိုင် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့က ၁၉၉၆ ခုနှစ်တွင် ၎င်းမြေကွက်၏ ဂရန်အမည်ပေါက်ကို အသင်းအမည်နှင့် ပြန်လည်ပြင်ဆင်ပေးရန်နှင့် အသင်းပိုင်မြေကို အလွဲသုံးစားပြုလုပ်ခြင်းများ တွေ့ရှိရသောကြောင့် အဆောက်အဦး ဆောက်လုပ်ခွင့်အမိန့်များ ပယ်ဖျက်ရုပ်သိမ်းပေးပါရန် စာအမှတ်၊ ၁၀၁/၁၆/ခဝတ-၀၁၁၆ နှင့် ၀၁၁၇ တို့ဖြင့် ညွှန်ကြားခဲ့သော်လည်း သက်ဆိုင်ရာ ကာယကံ ရှင်များက လိုက်နာခဲ့ခြင်း မရှိသည်ကို တွေ့ရှိရပါကြောင်း၊
ထိုနောက် မန္တလေးတိုင်း ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့က တရားစီရင်ရေးလမ်းကြောင်းအတိုင်း သွားရန် ညွန်ကြားချက်ပေးခဲ့ပါကြောင်း၊ ဒေါ်နန်းခမ်းစိန်အနေဖြင့် မန္တလေးတိုင်းဒေသကြီးတရားရုံးတွင် ရှမ်းတိုင်းရင်းသားများ သာရေးနာရေးအသင်း ဆောက်လုပ်ထားသော အဆောက်အဦ များအားလုံး ဖျက်သိမ်းဖယ်ရှားပြီး မြေကို လက်ရောက် အပ်စေလိုမှုနှင့် အသင်းအဖွဲ့၏ အလုပ် အမှုဆောင် ၁၂ ဦးကို စတင်တရားစွဲဆိုခဲ့ပါသော်လည်း မြေကွက်သည် ရှမ်းတိုင်းရင်းသားများ သာရေးနာရေးအသင်းဆောက်လုပ်ရန် ချထားပေးသည့်မြေဖြစ်ကြောင်း သက်သေအထောက် အထားများက ခိုင်လုံစွာ ဖော်ပြနေသည့်အတွက် ၎င်းအမှုသည် ပလပ်ခံရကာ တရားရှုံးနိမ့်ခဲ့ပါကြောင်း၊ တစ်ဖန် အသင်းက ဒေါ်နန်းခမ်းစိန် တို့ကို ပြန်လည် တရားစွဲရာ သက်သေများ ခိုင်လုံသောကြောင့် တရား ရုံးအဆင့်ဆင့်က အသင်းကို အနိုင်ပေးခဲ့ပါသည့်အပြင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ အမြင့်ဆုံးတရားရုံး၏ အနိုင်ဒီကရီကိုပင်ရခဲ့ပါကြောင်း၊
အနိုင်ရဒီကရီကို အကောင်အထည်ဖော် ဆောင်ရွက်နေစဉ်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက အမှုစီရင် ဆုံးဖြတ်မှုသည် အုပ်ချုပ်ရေးအဖွဲ့အစည်းများ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်ကို တရားအဆင့်ဆင့်က စွက်ဖက်ခြင်းဖြစ်ခြင်းကြောင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ညီညွှတ်ခြင်း မရှိကြောင်း စွပ်စွဲခဲ့ခြင်းကြောင့် ယင်းကိစ္စနှင့် ပတ်သက်ပြီး လေ့လာသုံးသပ်ရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မရှင်ထံ လွှဲအပ်ခဲ့ပါကြောင်း၊ ယခုအခါတွင် ခုနစ်လကျော် ကြာမြင့်လာပြီဖြစ်သည့်အပြင် အုပ်ချုပ်ရေး အာဏာပိုင်များက တရားရုံးဆုံးဖြတ်ချက်ကို ဆန့်ကျင်လျက်အသင်း၏ အသင်း၏ မြေကို ခွဲစိပ်ယူကြရန် အမှုဆောင်များကို ခေါ်ယူကာ ဖိအားပေး တိုက်တွန်းလျက်ရှိပါကြောင်း၊ ထို့ကြောင့် (၁) ကော်မတီ၏ လေ့လာသုံးသပ်ချက်ရလဒ် မည်သို့ မည်ပုံရှိသည်ကိုလည်းကောင်း၊ (၂) တရားစီရင်ရေးမဏ္ဍိုင်၏ အမြင့်ဆုံး တရားရုံးက နောက်ဆုံးဆုံးဖြတ်ချက်တစ်ရပ်ကို အုပ်ချုပ်ရေးမဏ္ဍိုင်မှ အကောင်အထည်မဖော်ဘဲ အသင်း၏ အမှုဆောင်အဖွဲ့ဝင်များကို ခေါ်ယူဖိအားပေးကာ တရားရုံးဆုံးဖြတ်ချက်ကို တလွဲ အကောင်အထည်ဖော်ရန် ပြုမူခြင်းများသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၁ ပုဒ်မခွဲ(က)ပါ ပြဋ္ဌာန်းချက်ကို ဆန့်ကျင်ဖောက်ဖျက်ရာ ရောက်/မရောက်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးချုပ်က ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးကို တင်ပြအဆုံးအဖြတ် ခံယူမှုပြု/မပြုကို သိရှိလိုပါကြောင်း မေးမြန်ပါသည်။ ထို့အပြေင် အဋ္ဌမပုံမှန်အစည်းအဝေးကျင်းပစဉ် ဦးခိုင်မောင်ရီက ယင်းကိစ္စနှင့် ပတ်သက်သော မေးခွန်းမေးမြန်းမည့်ရက်မတိုင်မီ တစ်ရက် ညနေပိုင်းတွေင် ဒေါ်နန်းခမ်းစိန်မိသားစုဝင်တစ်ဦးက ဦးကျန်းမင်အန်းတို့ အိမ်ကို ရောက်ရှိလာပြီး ဦးရွှေမန်းက နောက်ထပ်နှစ် ၅၀ အဆီးအတားမရှိ နေခွင့်ပြု လိမ့်မည်ဆိုသော သတင်းစကားကို ပြောကြားခဲ့သည်ဟု ဆိုပါကြောင်းနှင့် ဒေါ်နန်းခမ်းစိန် တို့အသိုင်းအဝိုင်းက ယင်းသတင်းကို ဆက်လက်သတင်းဖြန့်ဖြူးပေးခြင်းကြောင့် ရှမ်းတိုင်းရင်းသားများ အသိုင်းအဝန်းကြား စိတ်ပျက်အားငယ်မှုများ ဖြစ်ပေါ်နေပါကြောင်းနှင့် ထိုသို့ အဓိပ္ပာယ်သက်ရောက်သော စကားမျိုးကို ဥက္ကဋ္ဌကြီးအနေဖြင့် ပြောကြားမိခြင်း ရှိ/မရှိကို သိရှိလိုကြောင်းမေမြန်းပါသည်။