(ဂ)- ၁၉၅၃ ခုနှစ်၊လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေး ဥပဒေအရ လယ်ယာမြေများကို လယ်သမားများ လက်သို့ ပြန်လည်လွှဲအပ်ရန်နှင့်လ/န(၃၉)ခွင့်ပြုမိန့် မကျသေးသောနစ်နာသူလယ်သမားများ အတွက် မည်သို့ ဆောင်ရွက်ပေးမည်ကိုသိလိုခြင်း နှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-18
မေးခွန်း အကြောင်းအရာ 

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့သစ်၊ လှိုင်သာယာမြို့သစ်များ အကောင်အထည်ဖော် သည့် နေရာတွင်လည်းကောင်း၊ သန်လျင်ကျောက်တန်းမြို့နယ်များတွင် စက်မှုဇုန်များ ဖော်ထုတ်ရာတွင် လည်းကောင်း လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့် အမိန့် ယခင်အခေါ် လ/န(၃၉)၊ ယခုအခေါ် ပုဒ်မ ၃၀ ပုဒ်မခွဲ(က)နှင့် ပုဒ်မခွဲ(ခ) ခွင့်ပြုမိန့်မရှိဘဲ လူနေမြေကွက်တွေ၊ စက်မှုဇုန်မြေကွက်များ ဖော်ထုတ်ပေးခဲ့သည့်နေရာများတွင် လည်းကောင်း၊ လှိုင်သာယာမြို့နယ်တွင် ကွင်းပေါင်း ၂၂ ကွင်း၊ မြေဧရိယာပေါင်း ၆၅၃၃.၃၂၆ ဧက၊ ရွှေပြည်သာမြို့နယ်တွင် ကွင်းပေါင်း ရှစ်ကွင်း၊ မြေဧရိယာ ၃၁၇၂.၉ ဧက၊ ကျောက်သန်းမြို့နယ်တွင် ကွင်းပေါင်း ၂၁ ကွင်း၊ မြေဧရိယာ ၅၁၃၁.၁၅ ဧက စုစုပေါင်း ကွင်းပေါင်း ၅၁ ကွင်း၊ လယ်မြေပေါင်း ၁၄၈၃၇.၃၇ ဧကရှိသည်ကို တိကျစွာသိရှိရပါကြောင်း၊ လ/န(၃၉) ခွင့်ပြုမရ၍ မြေသိမ်းမိန့်ထုတ်ပြန်နိုင်ခြင်းမရှိသည့်မြေများကို ဥပဒေများအရ လယ်သမား များကသာ ပိုင်ဆိုင်ခွင်‌့၊ စီမံခန့်ခွဲခွင့်ရှိတာဖြစ်ခြင်းကြောင့် သက်ဆိုင်ရာလယ်သမားကို ပြန်ပေးရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် လယ်ယာမြေသိမ်းဆည်းခံပြဿနာကို ဥပဒေနှင့် အညီ စဉ်စားဆုံးဖြတ်ခြင်း ထက် မြေရယူထားသော ကုမ္ပဏီ၊ အစိုးရအဖွဲ့အစည်းများ၏ သဘောဆန္ဒ အတိုင်း စိစစ်ဆုံးဖြတ် နေခြင်းများမဖြစ်ပေါ်စေရန် အောက်ပါမေးခွန်းများကို မေးမြန်းလိုပါကြောင်း မေးခွန်း(၁) သိမ်းဆည်း စဉ်က တည်ဆဲဖြစ်သော ၁၉၅၃ ခုနှစ်၊ လယ်ယာ မြေနိုင်ငံပိုင်ပြုလုပ်ရေးဥပဒေနှင့် ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေတို့အရ လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့်  လ/န(၃၉) ခွင့်ပြုခွင့်ရေး မရှိပါက ထိုမြေကို မူလလက်ငုတ်လယ်သမားကသာ ပိုင်ဆိုင်ခွင့်၊ စီမံခန့်ခွဲခွင့်ရှိသဖြင့် ထိုမြေများကို ဥပဒေနှင့်အညီ လက်ငုတ်လယ်သမားများကို ပြန်လည် ပေးအပ်ရန် အစီအစဉ်ရှိ/မရှိ။ မေးခွန်း(၂) လ/န(၃၉)ခွင့်ပြုမိန့်ကျပြီးသော လယ်မြေများအပေါ်တွင် အဆောက်အဦများ ဆောက်လုပ်ပြီးဖြစ်ပါက တောင်သူလယ်သမားကို နစ်နာမှုမရှိအောင် မည်သို့စီမံ ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။