(ဆ)-ရသေ့တောင်မြို့နယ်၊ မူးစေးကျွန်းပေါ်တွင် အကြီးဆုံးနှင့်အချက်အချာကျဆုံးကျေးရွာဖြစ်သော (ကူတောင်)ရွာ၌တိုက်နယ်ဆေးရုံတစ်ခုဖွင့်လှစ်ပေး ရန် အစီအစဉ်ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-18

ဒေါ်ခင်စောဝေ (ရသေ့တောင်)ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်းရှိ မူစေးကျွန်းသည် အလျား ရှစ်မိုင် ခန့်နှင့် ကျေးရွာ ၂၄ ရွာ တည်ရှိပြီး တိုက်နယ်အဆင့် သတ်မှတ်ခဲ့ဖူးသည့်အပြင် ရခိုင်ပြည်နယ်ရှိ အကြီးဆုံးကျွန်းများအနက် တစ်ကျွန်းလည်းဖြစ်ပါကြောင်း၊ မူစေး ကျွန်းပေါ် ကူတောင်ရွာ၌ အထက်တန်းကျောင်းတစ်ကျောင်း၊ အလယ်တန်းကျောင်း ခွဲတစ်ကျောင်း၊ အထက်တန်းကျောင်းခွဲတစ် ကျောင်း၊ အလယ်တန်းကျောင်း တစ်ကျောင်းနှင့် ရွာအားလုံးတွင်  မူလတန်းကျောင်းများရှိသည့်အပြင် လုံခြုံရေး အတွက် ရဲ စခန်းတစ်ခုရှိပါကြောင်း၊ သို့ရာတွင် ကျန်းမာရေးစောင့်ရှောက်မှု အပိုင်း တွင်အားနည်းနေသည်ကိုတွေ့ရှိရပါကြောင်း၊မူစေးကျွန်းအနေဖြင့် ရသေ့တောင်မြို့နှင့်မြစ် ငယ်နှစ် စင်း၊ စစ်တွေမြို့နှင့် အရှည်တစ်မိုင် ခွဲခန့်ရှိ မြစ်ကြီးတစ်စင်းခြားနေသည့်အတွက် နီးလျက်နှင့် ဝေးနေရသည့်အပြင်  မိုးတွင်းကာလများတွင်  ရာသီဥတုဆိုးရွားမှုကြောင့် စစ်တွေ၊ ရသေ့တောင်မြို့များနှင့် (၃/၄)ရက် အဆက် အသွယ်လုံးဝပြတ်တောက်သွားတတ်သည်များရှိပါကြောင်း၊ ထို့ကြောင့် ကျန်းမာရေးချို့တဲ့ သော လူနာများ၊ ကိုယ်ဝန်ဆောင်မွေးလူနာများ အချိန်မီ ကျန်းမာရေးစောင့်ရှောက်မှု ခံယူမှုမရှိခြင်း၊ လူနာများ အသက်မဆုံးရှုံးသင့်ပဲ ဆုံးပါးသွားခြင်းများ ကြုံတွေ့နေရပါကြောင်း၊ ယခုအခါ ကူတောင်ရွာရှိ ပြည်သူများမှလည်း တိုက်နယ်ဆေးရုံ ဆောက် လုပ်ဖွင့်လှစ်ပေးနိုင်ရန်အတွက် မြေလေးဧကကို မိဘပြည်သူများ၏ ထည့်ဝင်ငွေဖြင့် လက်ဝယ်ပိုင်ဆိုင်ထားပြီး ဖြစ်ပါသောကြောင့် ကူတောင်ရွာ၌ တိုက်နယ်ဆေးရုံတစ်ခု ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် ရှိပါက မည်သည့်အချိန် တွင်ဖွင့်လှစ်မည်ကိုသိရှိလိုပါကြောင်းမေးမြန်းပါသည်။