(စ)-မြောင်မြို့နယ်ရှိတွင်းကြီးမြစ်ရေတင်စီမံကိန်းနှင့် စပ်လျဉ်း၍ဒေသခံတောင်သူလယ်သမားများအကျိုး ကို ထောက်ထားငဲ့ညှာ စဉ်းစားပေးရန် အစီအစဉ် ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်သည် တိုင်းအတွင်း ဖွံ့ဖြိုးမှုနိမ့်ကျနေသော မြို့နယ်တစ်ခုဖြစ်ပြီး မြို့ပေါ် (၄) ရပ်ကွက်နှင့် ရေဝမ်းဒေသကျွန်းပိုင် ၄၈ ရွာ၊ ကျန် ၃၇ ရွာသည် ကုန်းပိုင်းဒေသဖြစ်ပြီး မိုးရေကို မှီခိုအားထား စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်နေကြရပါကြောင်း၊ မြစ်နှစ်သွယ်ကြားတွင်ရှိသည့်အတွက် ချင်းတွင်းမြစ်ရေပေါ်မှီခိုတည်ဆောက်ထားသော တွင်းကြီး မြစ်ရေတင်လုပ်ငန်းသည် ယနေ့အထိ ထူးခြားစွာ တိုးတက်မှု မရှိပါကြောင်း၊ ပင်မမြောင်းများကို လိုင်နှင်စီမည်ဟူ၍ ကျွမ်းကျင်ပညာရှင်များဖြင့် စာပေးလုပ်ပြီး တွက်ချက်နေသည့်ကိစ္စ၊ လက်တံမြောင်းများပြုပြင်ပေးမည်ဆိုသည့်အဖြေများ လက်ရှိမြေသားမြောင်းဘောင်များသည် ရေနှင့်တွေ့ပါက ပျော်ဝင်သွားမည်စိုးသဖြင့် ဆီလက်တက်ဆွိုင်းကို အစားထိုးပေးမည်ဆိုသည့် ကိစ္စများသည် ၁၃/၁၄ မှ ယနေ့အထိ ထူးခြားတိုးတက်လာခြင်း မတွေ့ရပါကြောင်း၊ ယခင်နှစ်များက တောင်သူ၏ ယာခင်းများကို မိုးရေနစ်မြှတ်သဖြင့် တိုင်းဒေသကြီးအစိုးရက ရေနုတ်မြောင်းကို တိုးချဲ့ခိုင်းပါကြောင်း၊ ယင်းကိစ္စများကို ဆောင်ရွက်ပြီး/မပြီး မသိရပါကြောင်း၊ နိုင်ငံတော်က ရင်းနှီးမြုပ်နှံထားသော စီမံကိန်းလုပ်ငန်းကြီးအတွက် ပြည်ထောင်စုဝန်ကြီးဌာန၏ ညွှန်ကြားချက်ကို မြို့နယ်အဆင့် အောက်ခြေအဆင့်များက လေးစားလိုက်နာမှု ရှိ/မရှိကို ဒေသခံတောင်သူများ ခံစားနေကြရပါကြောင်း၊ သို့ဖြစ်ပါ၍ (က) ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် တွင်းကြီးမြစ်ရေတင်စီမံကိန်းအတွက် မည်ရွေ့မည်မျှစိုက်ထုတ်ကုန်ကျသုံးစွဲပြီး မည်သည့်လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်ကို သိရှိလိုပါကြောင်း၊ (ခ) အဆိုပါ မြစ်ရေတင်လုပ်ငန်း မြောင်းရင်းရှိ ပရိမ္မ-မကျည်းပုတ် ကတ္တရာလမ်းကို ဖြတ်သွားသည့်နေရာရှိ တံတားသည် ကျဉ်းမြောင်းနေသည့်အတွက် လေတင်စက် ၃ လုံးထိ မောင်ပြီးတင်ပါက ရေများ လျှံထွက်ကုန်သည့်အတွက် တပ်ဆင်ထားသောရေစက် ခြောက်လုံးလုံး မမောင်းနိုင်ခြင်းမှာ ဟုတ်/မဟုတ်နှင့် မည်သည့်အချိန်တွင် ပြုပြင်ရန် အစီအစဉ်ရှိသည်ကို သိရှိလိုပါကြောင်း၊ (ဂ) အဆိုပါစီမံကိန်းတွင် စတင်တည်ဆောက်စဉ်က တာဝန်ယူထားရသော ပုဂ္ဂိုလ်အချို့သည် နှစ်ကာလကြာရှည်စွာ ထမ်းဆောင်နေရသည့်အတွက် ပုဂ္ဂိုလ်ရေး၊ လူမှုရေးအခက်အခဲရှိသည်ဟု သိရှိရသဖြင့် စိစစ်ပြီး ပြုပြင်ပြောင်းလဲပေးရန်အတွက် တောင်သူလယ်သမားများ အကျိုးကို ငဲ့ညှာထောက်ထားစဉ်းစားပြီး တိုးတက်စေရန် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။