(ဃ)-လူအများစုဝေးအပန်းဖြေသည့်ပန်းခြံကဲ့သို့နေ ရာများကိုLondon မြို့ရှိHydeParkနည်းတူပြည်သူ များတစ်ဦးချင်းလွတ်လပ်စွာတင်ပြနိုင်သောနေရာ အဖြစ် စည်းကမ်းချက်များနှင့်အညီ ခွင့်ပြုပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-18

ဒေါက်တာစိုးရင် (ကမာရွတ်)ရှေးယခင်ဘုရင်များလက်ထက်မှ ပြည်သူ့ဟစ်တိုင်များထားရှိခဲ့ပြီး ပြည်သူများသည် ဟစ်တိုင်တွင် လာရောက် တင်ပြသော ကိစ္စများကို ဘုရင်ကိုယ်တိုင်နားထောင်ပြီး လိုအပ်သည်များကို ဖြေရှင်းပေးခဲ့သည့် အစဉ်အလာများ ရှိခဲ့ပါကြောင်း၊ ပါလီမန် ဒီမိုကရေစီကျင့်သုံးခဲ့သော ဖဆပရအစိုးရလက်ထက်တွင်လည်း ရန်ကုန်မြို့ ဗန္ဓုလပန်းခြံအတွင်း ပြည်သူများ တစ်ဦးချင်း လွတ်လပ်စွာပြောဆို တင်ပြနိုင်သော အစီအစဉ်ကို ခွင့်ပြုပေးထားသည့် မှတ်တမ်းများကိုလည်း ဖတ်ရှုရပါကြောင်း၊ ထိုသို့ အစီအစဉ်ပြုလုပ်ရာတွင် ပရိသတ်များမှလည်း အပြန်အလှန်ဆွေးနွေးကြပါကြောင်း၊ ဒီမိုကရေစီစနစ်ကျင့်သုံးသော နိုင်ငံများသည် သီးသန့်နေရာ သတ်မှတ်ပေး ထားပြီး ပြည်သူအများက မိမိတို့၏ယုံကြည်ချက် ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ တင်ပြဝေဖန်‌ ဟောပြော ဆွေးနွေးမှုပေးခြင်းသည် ဒီမိုကရေစီအစဉ်အ လာကောင်း တစ်ခုဖြစ်ပြီး ထိုသို့ဆောင်ရွက်ပေးခြင်းအားဖြင့် ဒီမိုကရေစီကျင့်စဉ်ကို ပြည်သူအများ အလေ့အ ကျင့်ကောင်းအဖြစ် ရရှိစေရန် အခွင့်အရေးကို ဖန်တီးဖော်ထုတ်ပေးခြင်းဖြစ်ပါကြောင်း။

England နိုင်ငံ၊ Landon မြို့ရှိ Hyde Park ပန်းခြံသည် ပြည်သူတစ်ဦးချင်းလာရောက်ပြီး လွတ်လပ်စွာတင်ပြ ဟောပြောဆွေးနွေးခွင့် ပြုထားသည့် နေရာတစ်ခုအဖြစ် ကမ္ဘာတွင် ထင်ရှားကျော်ကြား ပါကြောင်း၊ မိမိကိုယ်တိုင်လည်း Landon ကိုရောက်စဉ်က Hyde Park ပန်းခြံကို သွားရောက်လေ့လာ ခဲ့ရာ ပြည်သူများ ဝင်ရောက်ဆွေးနွေးသည်ကို တွေ့ရှိခဲ့ရပါကြောင်း၊ ယနေ့ခေတ် ပါတီစုံဒီမိုကရေစီ စနစ် ဖြစ်ထွန်းအောင်မြင်စေရန် ကြိုးစားရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါကြောင်း ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတွင် နိုင်ငံသားများ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာဖော် ထုတ်ပြောဆိုခွင့်ကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၅၄ ပုဒ်မခွဲ(က)တွင် ထည့်သွင်းပြဋ္ဌာန်းထားပါကြောင်း။

ယနေ့အချိန်သည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ခိုင်မာစွာ တည်မြဲဖြစ်ထွန်းစေရန် ကြိုးပမ်းအားထုတ်နေ ရာ မြန်မာနိုင်ငံသားများ ဒီမိုကရေစီကျင့်စဉ်နှင့် အလေ့အကျင့်ကောင်းများ စွဲမြဲစွာရရှိစေရန် ဥပဒေနှင့်အညီ အခွင့်အလမ်းများ ဖန်တီးဖော်ဆောင်ပေးရန် အထူးလိုအပ်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရသည် ပြည်သူများ တင်မြှောက်ထားသော အစိုးရဖြစ်ပြီး ပြည်သူဗဟိုပြု People Center စနစ်နှင့် ဒီမိုကရေစီ နိုင်ငံတော်ကြီးကို တည်ထောင်နေသည်ဟု ကြေညာထားရာ ပြည်သူများကို ယူဆချက်၊ ထင်မြင်ချက်၊ အတွေးအခေါ်များကို လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုလေ့ကျင့်နိုင်သော အခွင့်အလမ်းများကို ဖော်ဆောင်ပေးရန် အလေ့အကျင့်များ၊ အခွင့်အရေးများ ပေးမည်ဆိုပါက ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နေသည့် မိမိတို့တိုင်းပြည်တွင် Rule of Law တရားဥပဒေစိုးမိုးရေးထိခိုက်နိုင်သော မလိုလားအပ်သည့် ဆန္ဒဖော်ထုတ်မှုများ တဖြည်းဖြည်း လျော့ပါး သွားနိုင်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄ ပုဒ်မခွဲ (က)နှင့်အညီ မြန်မာနိုင်ငံသားများ ဒီမိုကရေစီကျင့်စဉ်နှင့် အလေ့အကျင့်ကောင်းများ ရရှိစေရေးအတွက် အခွင့်အလမ်းများ ဖန်တီးဖော်ဆောင်ပေးနိုင်ပြီး အထောက်အကူပြုစေရန် မေးမြန်းပါသည်။