(က)-ရသေ့တောင်မြို့နယ်၊ စေတီပြင်ကျေးရွာရှိ လယ်သမားများထံမှ(န.စ.က)တပ်စခန်းကသိမ်းယူ ထားသောမြေများအနက် တပ်ခြံစည်းရိုး ပြင်ပရှိ ပိုလျှံသည့် လယ်မြေများအား ပြန်လည်ပေးအပ်ရန် အစီအစဉ်ရှိ၊မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာရှိ လယ်သမား ၅ ဦး ပိုင်ဆိုင်သော လယ်မြေ ၂၅ ဧကအား (န.စ.က)စခန်း အမှတ်(၂၂) ကို ၁၉၉၇ ခုနှစ်ကပင် တဲအဆောက်အဦဆောက်လုပ်ရန် သိမ်းယူထားရှိခဲ့ပါသည်။ သိမ်းယူထားသော မြေဧရိယာအချို့တစ်ဝက်ကို အဆောက်အဦဆောက်ပြီး ခြံစည်းရိုးကာခြင်းများ ပြုလုပ်ခဲ့ပါကြောင်း၊ ခြံစည်းရိုး အပြင်ဘက်မြေများကို လယ်သမားများအား သီးစားချထားပေးခဲ့ပါကြောင်း၊ လယ်သမားများ၏ တင်ပြတိုင်တန်းချက်အရ ပြည်ထောင်စုလွှတ်တော် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင်အဖွဲ့ခွဲမှ ၂၀၁၃ ခုနှစ်၊ ဧပြီလ ၂၄ ရက်မှ ၂၇ ရက်နေ့အထိ တိုင်ကြားသူလယ်သမားများနှင့် တာဝန်ရှိသူများအား တွေ့ဆုံမေးမြန်းစစ်ဆေးခဲ့ရာ ကော်မရှင် အစီရင်ခံစာတွင် တပ်ပိုင် အဆောက်အဦ များ ဆောက်လုပ်ထားသော လယ်မြေများမှာ ခေတ်ကာလနှင့် လျော်ညီသော လျော်ကြေးငွေများ ပေးအပ်ခြင်း တစ်စုံတရာမရှိသည့်အတွက် တပ်မှအသုံးမပြုဘဲ သီးစားချထားသည့် လယ်မြေများကို မူလပိုင်ရှင် လယ်သမားများသို့ ပြန်လည်ပေးအပ်သင့်သည်ကို အကြံပြုတင်ပြထားပါကြောင်း၊ ၂၀၁၃ ခုနှစ်က (န.စ.က)ကိုလည်း ရုတ်သိမ်းခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုအခါ လယ်သမားများက သိမ်းဆည်းခံလယ်ယာမြေများကို ပြန်လည်ရရှိခြင်း မရှိသေးသည့်အတွက် ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာရှိ လယ်သမားများထံမှ (န.စ.က)တပ်စခန်းက သိမ်းယူထားသော မြေများအနက် တပ်ခြံစည်းရိုးပြင်ပရှိ ပိုလျှံသည့်မြေများကို ပြန်လည်ပေးအပ်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။