(င)-မြို့သစ်မြို့နယ်ခွဲ၊သနန်ကျေးရွာမှတောင်သူ များ၏မူလကွန်ဖာကွင်းအားပြန်လည်ပေးအပ်ရန်နှင့် အကျဉ်းဦးစီးဌာနပိုင်မြေယာများအားဒေသခံပြည်သူ များကို မြေယာလုပ်ပိုင်ခွင့်ပြုရန်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-18

ဦးခင်မောင်ရွှေ (တမူး)စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ် မြို့နယ်ခွဲ သနန်ကျေးရွာတွင် ၁၉၆၄ ခုနှစ်က ကွန်ဖာကွင်းအား ပလဖမှ လယ်ယာမြေဖော်ထုတ်ရေးကို တောင်သူများအား လယ်ယာမြေလုပ်ကိုင်ဆောင်ရွက်စေခဲ့ပါကြောင်း၊ ထို့နောက် ပလဖမှ အကျဉ်းဦးစီး ဌာနသို့ လွှဲပြောင်းပေးသည့်အခါတွင်လည်း အဆိုပါကွင်းအပြင် စီမံကိန်းနယ်မြေဧက ၇၀၀ သတ်မှတ်ခဲ့ကြောင်း၊ ကွန်ဖာကွင်းသည် ၁၃၅ ဧကရှိပြီး ယခုအမှန်တကယ် အကျဉ်းဦးစီးဌာနမှ လုပ်ကိုင်ဆောင်ရွက်နေမှုသည် ကွန်ဖာကွင်း အပါအဝင် မိုးစပါး ၂၅၀ ဧကနှင့် အခြားဧက ၆၀ စုစုပေါင်း ၃၀၀ ဧကခန့်ရှိကြောင်းနှင့် ကျန်ရှိ ပလပ်မြေဧက ၁၂၀ ခန့်ကို  ဒေသခံ တာင်သူလယ်သမားများ စိုက်ပျိုးလုပ်ကိုင်နေကြောင်း၊ ယခု လယ်ယာမြေဥပဒေအရ အကျဉ်းဦးစီးဌာနက လယ်ယာမြေလုပ်ပိုင်ခွင့် ကို လျှောက်ထားသည့်အခါတွင်လည်း ၂၇၀ ဧကသာ လျှောက်ထားခဲ့ကြောင်းနှင့် ကျန်ပလပ် မြေများကို တောင်သူလယ်သမားများက လယ်ယာလုပ်ပိုင်ခွင့် လျှောက်ထားကြသည့်အခါ အကျဉ်းဦးစီး ဌာနက စီမံကိန်းနယ်မြေဟုဆိုသဖြင့် လယ်ယာမြေလုပ်ပိုင်ခွင့် မရှိဘဲဖြစ်နေကြောင်းတင်ပြခဲ့ကြပါတယ်။ အကျဉ်းဦးစီးဌာနက မလုပ်နိုင်သော ပလပ်မြေများအား တောင်သူများက လုပ်ကိုင်နေကြသဖြင့် အဆိုပါ မြေယာများကို ဆက်လက်ပြီး မြေယာလုပ်ပိုင်ခွင့်ပေးမည် ဆိုပါက ၎င်းတို့ သိမ်းဆည်းခံထားရသော ကွန်ဖာကွင်းကို အကျဉ်း ဦးစီးဌာနထံမှ ပြန်လည်တောင်းယူခြင်းမပြုတော့ဘဲ တရားဝင်ပေးအပ်ရန် ပြည်သူများက တင်ပြခဲ့ကြပါကြောင်း၊ အကျဉ်းဦးစီးဌာနအနေဖြင့် အမှန်တကယ်ဆောင်ရွက်နိုင်သော စီမံကိန်းဧကကိုသာယူပြီး ပလပ်မြေများတွင် လုပ်ကိုင်ဆောင်ရွက်နေကြသော တောင်သူလယ်သမားများနှင့် အခြားမလုပ်ကိုင်ရသေး သည့်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအား ကျေးလက်နေတောင်သူလယ် သမားများ၏ ဆင်းရဲနွမ်းပါးမှုလျှော့ ချရေးကို အထောက်အကူပြုစေရန် ပြန်လည်အပ်နှံပေးစေလိုပါကြောင်း၊ ထို့ကြောင့် တောင်သူများ၏ မူလကွန်ဖာ ကွင်းအား ပြန်လည်ပေးအပ်ရန်သို့မဟုတ် ၎င်းကွန်ဖာကွင်းအစား အကျဉ်းဦးစီးဌာနမှ ယခု ဆောင်ရွက်ခြင်း မရှိဘဲ တောင်သူများလုပ်ကိုင်နေသည့် မြေယာများအား ဒေသခံပြည်သူများအား မြေယာလုပ်ပိုင်ခွင့် ခွင့်ပြုရန် အစီ အစဉ်ရှိ/မရှိနှင့် ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ မရှိပါကမည်သည့် အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။