(ဆ)-တည်ဆဲဥပဒေများနှင့်အညီတစ်လုံးတစ်စည်း တည်းရှိသည့်တစ်ခုတည်းသောတောင်သူလယ်သ မားအဖွဲ့အစည်းသို့မဟုတ်အစည်းအရုံးဖွဲ့စည်းပေးရန် အစီအစဉ်ရှိ၊မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း
မိမိတို့နိုင်ငံတွင် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဆောင်ရွက်ခဲ့သည်မှာ ၃ နှစ်ကျော် ၄ နှစ်ကာလသို့ ရောက်ရှိပြီဖြစ်ပါကြောင်း၊ လယ်ယာမြေဥပဒေ၊ တောင်သူလယ်သမားများ၏ အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေတို့ကိုလည်း ပြဋ္ဌာန်းထုတ်ပြန်ခဲ့ပြီးဖြစ်ပါကြောင်း၊ သို့သော် ယခုထက်တိုင် တည်ဆဲဥပဒေများနှင့်အညီ တရားဝင်တောင်သူလယ်သမားများ အဖွဲ့အစည်း ဖွဲ့စည်းနိုင်ခြင်းမရှိသေးသည်ကို တွေ့ရှိရပါကြောင်း၊ နိုင်ငံရေးပါတီတစ်ချို့၊ NGO တစ်ချို့နှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းတစ်ချို့ကသာ တောင်သူလယ်သမားများအဖွဲ့အစည်းများကို ပုံစံအမျိုးမျိုးဖြင့် ဖွဲ့စည်းပြီး၊ တောင်သူလယ်သမားများအရေး ဆောင်ရွက်ဖြေရှင်းပေးပါကြောင်း၊ ယင်းအဖွဲ့အစည်းများအနေဖြင့် ဖွဲ့စည်းမှုပုံစံများ မတူညီကြသည့်အတွက် လုပ်ထုံးလုပ်နည်းများမှာ ကွဲပြားခြားနားမှုများ ရှိနေကြပါကြောင်း၊ လွတ်လပ်ရေးရစ ဖစပလ အစိုးရလက်ထပ်က အဖွဲ့အစည်းများ အမျိုးမျိုးကွဲပြားနေခြင်းကြောင့် ကျေးလက်နေပြည်သူများအတွင်း စည်းလုံးညီညွတ်မှု ပျက်ပြားကာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသားစည်းလုံးညီညွတ်ရေးတို့တွင် ထိပါးလာမှုများ ရှိနေခဲ့တာကို သင်ခန်းစားယူသင့်ပါကြောင်း၊ ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေပုဒ်မ ၃၈ တွင်လည်းကောင်း၊ တောင်သူလယ်သမားများ အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင်တင်ရေးဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ င တွင်လည်းကောင်း၊ တည်ဆဲဥပဒေများနှင့် အညီ တောင်သူလယ်သမားအသင်းအဖွဲ့ သို့မဟုတ် အစည်းအရုံများဖွဲ့စည်းပေးရင်းနဲ့ပတ်သက်၍ ဖွဲ့စည်းနိုင်ကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရပါကြောင်း၊ သို့သော် ယနေ့တိုင်း တည်ဆဲဥပဒေများနှင့်အညီ စည်းလုံးညီညွတ်သည့် တောင်သူလယ်သမားအဖွဲ့အစည်း ဖွဲ့စည်းနိုင်ခြင်းမရှိသေးသည့်အတွက် ကျေးလက်နေတောင်သူ လယ်သမားများမှာ အားကိုရာမဲ့နေသည့်အတွက် ပုဂ္ဂိုလ်ရေးအရ အားကိုးရမယ့်သူ အားကိုရမဲ့အဖွဲ့အစည်းကို ရှာဖွေဆောင်ရွက် နေကြရပါကြောင်း၊ ထို့အပြင် နည်းအမျိုးမျိုးဖြင့် လွဲမှားစွာ ဖြေရှင်းနေကြရခြင်းများကြောင့် မလိုလားအပ်သည့် ပြဿနာများ ဖြစ်ပေါ်လာကာ စိတ်ဝမ်းကွဲမှုများလည်း ဖြစ်ပေါ်လာမည်ကိုစိုးရိမ်ရပါကြောင်း၊ သို့ဖြစ်ပါ၍ တည်ဆဲဥပဒေများနှင့်အညီ တောင်သူလယ်သမားများအဖွဲ့အစည်း သို့မဟုတ် အစည်းအရုံးဖွဲ့စည်းပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။