(ဂ)-ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေအရဇနီးနှင့်သားသမီး များကိုထောက်ပံ့ကြေးပေးရာတွင်တစ်လလျှင်၁၀၀ ကျပ်ထက်မပိုရဟူသော ပြဋ္ဌာန်းထားချက်ကိုခေတ်နှင့် အညီ ပြင်ဆင်ပြောင်းလဲရန် အစီအစဉ်ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ဥပဒေအခန်း(၃၆) ပုဒ်မ ၄၈၈ ပုဒ်မခွဲ(၁)တွင် မည်သူမဆို လုံလောက်သော ဥစ္စာအင်အား ရှိလျက်နှင့် မိမိ၏ဇနီးကိုဖြစ်စေ၊ ကိုယ်တိုင်ရှာဖွေစားသောက်နိုင်ခြင်းမပြုနိုင်သည့် တရားဝင် သို့မဟုတ် တရားမဝင် သားသမီး ကိုဖြစ်စေ၊ ထောက်ပံ့ကြေးမပြုဘဲ ပေါ့လျော့နေလျှင် သို့မဟုတ် ထောက်ပံံ့ရန် ငြင်းပယ်လျှင် ခရိုင်ရာဇဝတ် တရားသူကြီး၊ နယ်ပိုင်ရာဇဝတ်တရားသူကြီး သို့မဟုတ် ပထမတန်းအာဏာရ ရာဇဝတ်တရားသူကြီး တစ်ဦးသည် ထိုကဲ့သို့ ပေါ့လျော့မှု သို့မဟုတ် ငြင်းပယ်မှုအတွက် ခိုင်လုံသောအထောက်အထား ရရှိသောအခါ အဆိုပါပျက်ကွက်သူသည် သူ၏ဇနီး သို့မဟုတ် သားသမီးကို တစ်လလျှင် မိမိသိသည့် ထင်မြင်သည့်အတိုင်း ကျပ် ၁၀၀ ထပ်မပိုသော လစဉ်ထောက်ပံ့ကြေးပေးရန်နှင့် ရာဇဝတ်တရား သူကြီးက အခါအားလျော်စွာညွှန်ကြားထားသည့်အတိုင်း အဆိုပါသူသို့ ပေးရန်အမိန့်ချမှတ်နိုင်သည် ဟု ပြဋ္ဌာန်းထားပါကြောင်း၊ ယင်းဥပဒေတွင် ၁၉၈၉ ခုနှစ်ကတည်းက ပြဋ္ဌာန်းထားသော ဥပဒေဖြစ်ပြီး ထောက်ပံ့စေရန် သတ်မှတ်ထားသောနှုန်းထားသည် ကျပ် ၁၀၀ ဆိုသည်မှာ ယနေ့ခေတ်အခါတွင် ငွေကြေးတန်ဖိုးအားဖြင့် များစွာ နိမ့်ကျကွာဟလျက်ရှိပါကြောင်း၊ ၁၉၅၀ ခုနှစ်တွင် အနိမ့်ဆုံးသန့်ရှင်းရေးဝန်ထမ်း တစ်လလျှင် ၈၀ ကျပ်နှင့် အောက်တန်းစာရေး တစ်လ ၁၂၆ ကျပ် ဖြစ်ပါကြောင်း၊ ထိုအချိန် က တစ်လလျှင် ၅၀ ကျပ်နှင့် စားသောက်နေထိုင်၍ ရရှိခဲ့သည်ဟု ကြားသိရပါကြောင်း၊ ၁၉၇၄ ခုနှစ်တွင် ဝင်ငွေပြဋ္ဌာန်းချက်အရ တစ်နှစ်လျှင် ဝင်ငွေ ရှစ်ထောင်ကျပ်ထက်ပိုလျှင် အခွန်ထမ်းဆောင်ရပြီး ၁၉၇၆ ခုနှစ်တွင် တစ်နှစ်ဝင်ငွေ တစ်သောင်းကျော်လျှင် အခွန်ထမ်းဆောင်ရပါကြောင်း၊ ယနေ့တွင် သက်သာခွင့်များကို နုတ်ပြီး တစ်နှစ် သိန်း ၂၀ ကျပ်ကျော်လျှင် အခွန်ပေးဆောင်စရာ မိသားစု တစ်လ ကုန်ကျစရိတ်မှာ ၁၇၀၀၀၀ ခန့်ရှိသည်ဟု သတ်မှတ်ရာရောက်နေပါကြောင်း။ သို့ဖြစ်ပါ၍ ဇနီးနှင့် သားသမီးများကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေအရ ထောက်ပံ့ကြေးပေးစေရာတွင် တစ်လလျှင် ၁၀၀ ကျပ်ထက်မပိုစေရ ဟူသော ပြဋ္ဌာန်းချက်ကို ခေတ်နှင့် လျော်ညီအောင် ပြင်ဆင်ပြောင်းလဲဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိနှင့် ရှိပါက မည်သည့်အစီအစဉ်ဖြင့် မည်သည့်အချိန်တွင် ဆောင်ရွက်မည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။