(က)-မောက်မယ်မြို့နယ်ရှေးဟောင်း မောက်စံ ဘုန်းတော်ကြီးကျောင်း ပြုပြင်မွမ်းမံခြင်း နှင့်စပ်လျဉ်း ၍နိုင်ငံတော်အစိုးရမှမည်သို့ကူညီဆောင်ရွက်ပေးနိုင် မည်နှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-18

ဦးစိုင်းငေါင်းဆိုင်ဟိန်း (မောက်မယ်)ရှေးဟောင်း မောက်စံဘုန်းတော်ကြီးကျောင်းသည် မောက်မယ်မြို့နယ် ဆီဆုံရပ်ကွက် တွင်တည်ရှိပြီး နှစ်ပေါင်းတစ်ရာကျော်တန်းဝင် ရှေးဟောင်းအမွေ အနှစ်ကျောင်းဆောင်ဖြစ်ပါကြောင်း၊ ယခင်အစိုးရလက်ထက်က သုတေသနပညာရှင် များ လာရောက်၍ စူးစမ်းလေ့လာမှုများ ပြုခဲ့ဖူးပါကြောင်း၊ ရှေးဟောင်းဆင်းတုတော် များ၊ ရှေးမူလက်ရာများနှင့် ပေစာ၊ ပုရိုက်စာ၊ ပုရပိုက်စာများကို ကျောင်းထိုင် ဆရာတော်များ ခေတ်အဆက်ဆက်မှ ထိန်းသိမ်းခဲ့ပါသော်လည်း နှစ်ကာလ ကြာညောင်းလာပြီဖြစ်သဖြင့် ယိုယွင်းပျက်စီးမှုများ များပြားလာပါကြောင်း၊  ရှေးမူမ ပျက် ပြန်လည်ပြုပြင်မွမ်းမံရန် ‌ငွေကြေးအား၊ ပညာရှင်ပံ့ပိုးအားများ အလွန်အားနည်းနေ ပါသဖြင့် မွမ်းမံခြင်း မပြုလုပ်နိုင်ပါက ပျက်ဆီးပျောက်ကွယ်သွားနိုင်ပါကြောင်း ၊ မောက်မယ်မြို့နယ်တွင် ဘုန်းကြီးကျောင်း ၇၀ ကျော်အနက် ပြုပြင်မွမ်းမံနိုင်ခြင်းမရှိ သဖြင့် ကျောင်းအချို့ ပျက်ဆီးပျောက်ကွယ် သွားသည်များလည်း ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ရှေးဟောင်းမောက်စံ ဘုန်းတော်ကြီးကျောင်း ပြန်လည်ပြုပြင်မွမ်းမံခြင်းနှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရမှ မည်ကဲ့သို့ဆောင်ရွက်ပေးမည်၊ မည်သည့်ဘဏ္ဍာရေးနှစ်တွင် ကူညီဆောင်ရွက် ပေးနိုင်မည်နှင့် ကူညီမွမ်းမံရန်အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့်ဆိုသည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။