(ဂ)-ရွှေပြည်သာမြို့ကဲ့သို့ နှစ်ပေါင်း (၂၅)နှစ်ကျော် ကြာမြင့်ခဲ့သည့် မြို့သစ်များတွင် ကွန်ကရစ်လမ်း ခင်းပေးရန်နှင့်အခြေခံလူတန်းစားနှင့်အလတ်တန်း စားများအတွက် မြို့သစ်များ ဖော်ပေးရန် အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
မိမိတို့၏ လူနေမှုဘဝတွင် နေထိုင်ရေးကိစ္စရပ်များသည် အလွန်အရေးကြီးသော ကိစ္စတစ်ခုဖြစ်ပါကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးတွင်ရှိသော အစိုးရများအနေဖြင့်လည်း နိုင်ငံအတွင်းရှိ ပြည်သူများနေထိုင်ရေး အဆင်ပြေစေရန် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး (City Development) စီမံကိန်းများကို အနှစ် ၂၀ တွင် အနည်းဆုံးတစ်ကြိမ် ပြည်ထောင်စုအစိုးရ၏ အစီအစဉ်ဖြင့် မြို့သစ်များဖော်ထုတ်၍ ဆောင်ရွက်ပေးခဲ့သည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ လူဦးရေများလွန်းသောနိုင်ငံများအနေဖြင့် အခြေအနေမဲ့များ ကျူးကျော် တိုးပွားလာသည်ကိုလည်း တွေ့ရမည်ဖြစ်ပါကြောင်း၊ ထို့အတူ မိမိတို့နိုင်ငံတွင် ပြည်သူများအနေဖြင့် နေထိုင်ရေးအတွက် အခက်အခဲကြုံတွေ့နေရသည့်အတွက် ကျူးကျော်အိမ်များထွက်ပေါ်လာပါကြောင်း၊ အခြေခံ လူတန်းစားနှင့် လူလတ်တန်းစားများအတွက် အိမ်ရာနေထိုင်မှု ရရှိရန်လိုအပ်လာခြင်းကြောင့် နိုင်ငံအတွင်းတွင် အငြင်းပွားမှုများ တိုးပွားလာသည်ကို တွေ့ရပါကြောင်း၊ ၁၉၈၉ ခုနှစ်တွင် မြို့သစ်များကိုဖော် ထုတ်ပြီး နောက်ပိုင်း ယနေ့အချိန်ထိ မြို့သစ်စီမံကိန်းများကို အစိုးရအစီအစဉ်ဖြင့် ထပ်မံ ဖော်ထုတ်ဆောင်ရွက်ခြင်း မရှိတော့ပါကြောင်း၊ နေထိုင်မှုအခက်အခဲဖြစ်နေသော ပြည်သူများအတွက် အဆင်ပြေစေရန် မြို့သစ်များကို စနစ်တကျ ဖော်ထုတ်၍ အမှန်တကယ်လိုအပ်သော ပြည်သူများကို နေရာချထားပေးနိုင်ရန် (၁) ပြည်သူများ မျှော်လင့်နေသော မြို့သစ်စီမံကိန်းများကို အစိုးရ၏ အစီအစဉ်ဖြင့် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ၊ (၂) အစီအစဉ်ရှိခဲ့ပါက ရွှေပြည်သာတွင် မြို့ဖော်ထုတ်စဉ်က အခြေခံလိုအပ်ချက်ဖြစ် သော လမ်းပေါင်း ၅၀၀ ကျော် သည် ယခုအချိန်အထိ မြေသားလမ်းအဖြစ်မှ တိုးတက်မှုမရှိသေးပါကြောင်းနှင့် တာဝန်ရှိသော ယခင်ဆောက်လုပ်ရေးဝန်ကြီးဌာနှမှ ခင်းကျင်းပေးရန် အစီအစဉ်ရှိ/မရှိနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ဘတ်ဂျက်နှင့် လုံလောက်မှုမရှိနိုင်သည်ကို လည်း တွေ့ရပါကြောင်း၊ (၃) မြို့သစ်ဖော်ထုတ်ရန်အစီအစဉ်ရှိပါက ပြည်သူများ အမှန်တကယ်ရရှိရန် မည်သည့် အစီအစဉ်ဖြင့် ဆောင်ရွက်ပေးမည်ကိုသိလိုပါကြောင်းဖြင့် မေးမြန်းသွားပါသည်။