(ဇ)-မြို့နယ်၊ခရိုင်၊တိုင်းဒေသကြီး၊ ပြည်နယ်အဖွဲ့အ စည်းအဆင့်ဆင့်က ရေးဆွဲတင်ပြသည့်အမျိုးသားစီမံ ကိန်းမှတ်တမ်းများကို ပြည်သူ့ကိုယ်စားလှယ်များသို့ အသိပေးရန်နှင့်မှတ်တမ်းမိတ္တူများ ပေးပို့ရန် ဆောင် ရွက် ပေးနိုင်ခြင်း ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-18

မိမိအနေဖြင့် အမျိုးသားစီမံကိန်းမှတ်တမ်းများနှင့် စပ်လျဉ်း၍  အဓိကမေးမြန်းလိုခြင်းဖြစ်ပါကြောင်း၊  ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံသစ်အဖြစ် တည်ဆောက်နိုင်ရန်အတွက် အမျိုးသားစီမံကိန်း ရေးဆွဲရာတွင်  ပြည်သူလူထု ကိုဗဟိုပြုသော အမျိုးသားဘက်စုံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနှင့် အောက်ခြေအဖွဲ့အစည်း အဆင့်မှ အထက်အဖွဲ့အစည်းအဆင့်ဆင့်သို့ စီမံကိန်းရေးဆွဲတင်ပြသော စနစ်များကို ကျင့်သုံးလျက်ရှိသည်ကို သိရှိရပါကြောင်း၊  ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူလူထုအပါအဝင် အောက်ခြေအဖွဲ့အစည်းများနှင့် အုပ်ချုပ် ရေး အဖွဲ့အစည်းအဆင့်ဆင့်မှ စီမံကိန်းအောင်မြင်ရေးအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုများ စသည့် တာဝန်ဝတ္တရားရှိကြပါကြောင်း၊ နိုင်ငံတော်၏ အမျိုးသားစီမံကိန်း လုပ်ငန်းအကောင်အထည်ဖော်ဆောင် ရွက်ရာတွင် ပြည်သူလူထုနဲ့ အစိုးရအဖွဲ့အဆင့်ဆင့်အကြားမှာ ပေါင်းကူးဆက်သွယ်ပေးနိုင်ရန် လွှတ်တော် ကိုယ်စားလှယ်များကို ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားခြင်းဖြစ်ပြီး ဥပဒေပြု ရေးအဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်သူလူထုအကြား အပြန်အလှန်ထိန်းကျောင်းသော Check and Balance စနစ်ပီပြင်ပါက စီမံကိန်းအောင်မြင်မှုအတွက် အထောက်အကူဖြစ်စေပါကြောင်း၊  လွှတ်တော် ကိုယ်စားလှယ်များဟာ ဥပဒေပြုရေးတာဝန်အပြင် အမျိုးသားစီမံကိန်းစိစစ်အတည်ပြုပြဋ္ဌာန်းနိုင်ရေး၊ ရသုံးမှန်းခြေ ငွေစာရင်း၊ ဘတ်ဂျက်စိစစ်အတည်ပြု ပြဋ္ဌာန်းနိုင်ရေး တာဝန်များကိုပါ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဆောင်ရွက်ရသည့် တာဝန်ရှိသူများဖြစ်ခြင်းကြောင့် အောက်ခြေအဖွဲ့အစည်း အဆင်‌့ဆင့်က တင်ပြသော စီမံကိန်းများနှင့် စပ်လျဉ်းပြီး ကြိုတင်သိရှိထားမည်ဆိုပါက ကိုယ်စားလှယ်အနေဖြင့် မေးခွန်းမေးမြန်း တင်ပြခြင်းများ လျော့နည်းသွားပြီး လွှတ်တော်၏ အချိန်ကို ပိုမို အကျိုးရှိစွာ အသုံးချနိုင်သ့် အခွင့်အလမ်းများ ရရှိလာလိမ့်မည်ဟု ယုံကြည်မိပါကြောင်း၊ ထိုကြောင့် ပြည်နယ် အဖွဲ့အစည်းအဆင်‌့ဆင့်က ရေးဆွဲတင်ပြသော အမျိုးသား စီမံကိန်းမှတ်တမ်းများကို သက်ဆိုင်သော ပြည်သူ့ကိုယ်စားလှယ်များအား အသိပေးခြင်းနှင့် မှတ်တမ်း မိတ္တူများပေးပို့ရန် စီစဉ်ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်းမေးမြန်းပါသည်။