(ဃ)-မန္တလေးမြို့ရှိခုတင်(၁၀၀၀)ဆံ့ပြည်သူ့ဆေးရုံ ကြီးအား(၁၅၀၀)ဆံ့စံကိုက်ဆေးရုံကြီးအဖြစ်ဆောင် ရွက်ပေးရန်အစီအစဉ်ရှိ/မရှိနှင့်အမရပူရပြည်သူ့ဆေး ရုံအားခုတင်(၅၀)ဆံ့စံကိုက်ဆေးရုံအဖြစ်တိုးချဲ့ပေး ရန်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-18

ဦးသိန်းထွန်းဦး (အမရပူရ)မန္တလေးမြို့ရှိ ခုတင် ၁၀၀၀ ဆံ့ မန္တလေးပြည်သူ့ဆေးရုံကြီးသည် မန္တလေးဆေး တက္ကသိုလ်ကျောင်း ကျောင်းသား /ကျောင်းသူများအား သင်ကြားပေးလျက်ရှိသော သင်ကြားရေး ဆေးရုံကြီးတစ်ရုံဖြစ်သကဲ့သို့ အထက်မြန်မာပြည် ရှိ ပြည်သူ ၂.၅ သန်းကျော်တို့၏ အားထားရာဖြစ်ပြီး နေ့စဉ်အတွင်းလူနာ ၁၂၀၀ ကျော်တက်ရောက် ကုသမှုကို ဆောင်ရွက်ပေးလျက်ရှိသော ဆေးရုံကြီးတစ်ရုံလည်း ဖြစ်ပါကြောင်း၊  မန္တလေးပြည်သူ့ဆေးရုံကြီး၏ အဆောက် အဦလိုအပ်ချက်ကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီမံခန့်ခွဲမှု၊ မန္တလေးပြည်သူ့ဆေးရုံအုပ်ကြီး၏ စည်းရုံးဆောင်ရွက်မှု၊ မန္တလေးမြို့အပါအဝင် အနယ်နယ်အရပ်ရပ်က စေတနာရှင်များ၏ ထည့်ဝင်လှူဒါန်းမှု များဖြင့် ကိုးထပ်အဆောင်သစ်ကြီးအား မကြာခင်အောင်မြင်စွာ ဆောက်လုပ်ပြီးစီးတော့ မည်ဖြစ်ရာ အတွင်းလူနာ ၄၀၀ ကျော် တပြိုင်နက်တည်း တက်ရောက်ကုသခံ ယူနိုင်တော့မည်လည်းဖြစ်ပါကြောင်း၊  ယခု အခြေအနေတွင် လူနာနှင့် ဆရာဝန်အပါအဝင် အဆင့်ဆင့်သော ကျန်းမာရေးဝန်ထမ်းမမျှတမှုတို့နှင့် အထွေထွေလိုအပ်ချက်များ ရှိနေ ပြီ ဖြစ်ကြောင်းကိုလည်း ကြားသိနေရပြီဖြစ်ပါကြောင်း၊

မန္တလေးတိုင်းဒေသကြီး၊  အမရပူရမြို့နယ် ပြည်သူ့ဆေးရုံကြီးသည်လည်း X-ray ဓာတ်မှန်ပညာရှင်မရှိခြင်း၊ မျက်စိ အထူးကုဆရာဝန်မထားရှိခြင်း၊ လူနာတင်မော်တော်ယာဉ်မရှိခြင်း၊ မြို့လူထုအချိုးနှင့် ဆေးရုံခွင့်ပြုခုတင် အချိုးမမျှတမှုများရှိကြောင်း ပြည်သူတို့၏တင်ပြချက်၊ ကိုယ်တိုင် လေ့လာတွေ့ရှိချက်များအရ သိရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ ခုတင် ၁၀၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးအား ခုတင် ၁၅၀၀ စံကိုက်ဆေးရုံကြီးအဖြစ် ဆောင်ရွက်ပေးရန် ၊ အမရပူရမြို့နယ် ပြည်သူ့ဆေးရုံအား X-ray ဓာတ်မှန်ပညာရှင်၊ လူနာတင်မော်တော်ယာဉ်၊ မျက်စိအထူးကုဆရာဝန် ထားရှိဆောင်ရွက်ပေးရန်နှင့် ခုတင် ၅၀ စံကိုက်ဆေးရုံအဖြစ်တိုးချဲ့ပေးရန် အစီအစဉ်ရှိ/မရှိတို့အား သိရှိလို ပါကြောင်းနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါ သည်။