(ခ)-လွိုင်ကော်မြို့အားကစားသိပ္ပံသင်တန်းကျောင်း ဖွင့်လှစ်ပေးရန်အစီအစဉ်ရှိ၊မရှိနှင့်စပ်လျဉ်းသည့်မေး ခွန်း
ကယားပြည်နယ်ရှိ ကျောင်းသူ/ကျောင်းသားများသည် ပင်ကိုယ်အရည်အသွေးများရှိကြပြီး အားကစားလိုက်စားမှုတွင် စိတ်ပါဝင်စားမှုရှိကြပြီး ထူးချွန်ထက်မြက်သော အားကစားသမားများ များစွာပေါ်ထွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် တိုက်ကွမ်ဒိုပြိုင်ပွဲများကို ကြည့်မည်ဆိုပါက အမှန်တိုင်းဒေသကြီးဆုကြီးကို ဆွတ်ခူးနိုင်သကဲ့သို့ မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သော ဆီးဂိမ်းပြိုင်ပွဲများတွင်လည်း ပြည်နယ်အဆင့်၌ ပထမနေရာကို ယူထားပြီး တိုင်းဒေသကြီး/ ပြည်နယ်များပွဲတွင် ပဉ္စမနေရာတွင် ရပ်တည်နိုင်ခဲ့ပါကြောင်း၊ (၂၇) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကြီးတွင် ကယားပြည်နယ် ဂုဏ်ဆောင် အားကစားသမားများမှ နိုင်ငံတော်အတွက် ရွှေ ခုနစ်ခု၊ ငွေ နှစ်ခု၊ ကြေး ၁၂ ခု ရယူပေးနိုင်ခဲ့ပြီး နိုင်ငံတော်ဂုဏ်ကို တစ်ဖက်တစ်လှမ်းမှ ပါဝင်ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ၂၀၁၄ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်ဖလား အားကစားပြိုင်ပွဲများကျင်းပရာတွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ကျင်းပသော တိုက်ကွမ်ဒိုပြိုင်ပွဲ၌ ရွှေ ၂၀ ခုချီးမြှင့်ရာ ကယားပြည်နယ်မှ ရွှေ ၁၀ ခုရယူခဲ့ပြီး ပထမဒိုင်းဆုကြီးကို ရယူနိုင်ခဲ့ပါကြောင်း၊ ၎င်းပြိုင်ပွဲများနှင့်အတူ ပြည်နယ်ကွင်းပြိုင်ပွဲများအဖြစ် ခရာတေးဒို၊ ဘောလီဘော၊ ဘောလုံးနှင့် မီနီမာရသွန်ပြိုင်ပွဲများ၊ ကျင်းပပေးခဲ့ရာတွင် အားကစားသမား ၂၅၀ ဦး၊ မီနီမာရသွန်ပြိုင်ပွဲတွင် အားကစားသမား ၂၆၅ ဦး ပါဝင်ယှဉ်ပြိုင်နိုင်ခဲ့ပါကြောင်း၊ သို့ဖြစ်၍ အားကစားလူငယ်မောင်မယ်များ များစွာပေါ်ထွက်လျက်ရှိရာ ထူးချွန်ထက်မြက်သော နည်းပြများလည်း ပေါ်ထွက်လာပြီး အားကစားဝန်ကြီးဌာနအောက်ရှိ မြို့နယ်အသီးသီးတွင် တာဝန်များထမ်းဆောင်လျက်ရှိနေပါကြောင်း၊ အားကစားကွင်းမီဒီယာ သင်တန်းသားများအတွက် အဆောက်အဦမြေနေရာများ၊ အလုံအလောက်ရှိပြီး လူငယ်များ၏ ဗလငါးတန်ဖွံ့ဖြိုးစေရန်နှင့် အားကစားစွမ်းရည်မြင့်မားရေး၊ ရွက်ပုန်းသီးအားကစားသမားများ ပေါ်ထွက်လာရေး၊ နိုင်ငံ့ဂုဏ်ဆောင် ထက်မြက်သော အားကစားသမားများ ပေါ်ထွက်လာစေရေးတို့အတွက် ကယားပြည်နယ်တွင် အားကစားအရင်းအမြစ်ဖြစ်သော အားကစားသိပ္ပံကျောင်းတစ်ကျောင်း ဖွင့်လှစ်ပေးနိုင်ပါရန် နိုင်ငံတော်မှ အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်းမေးမြန်းပါသည်။