(ဃ)-ရေကြည်မြို့နယ်ရှိ ချောင်းဖျား-ဖက်သလက် -နွားရေတိုက် မြေသားလမ်းအား ကျောက်ချော လမ်းအဖြစ် တိုးမြှင့်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ် ချောင်းဖျား-ဖက်သလက်-နွားရေ တိုက်လမ်းသည် အရှည်ပေါင်း ၁၂၀၀၀ ကျော်ရှည်လျားသည့် မြေသားလမ်း အမျိုး အစားဖြစ်သည့်အပြင် ကိုယ့်အားကိုယ်ကိုးဖြင့် ဆောင်ရွက်ခဲ့သည်မှာ နှစ်ပေါင်း ၃၀ ကျော်ကြာမြင့်ခဲ့ပြီး ဖြစ်ပါကြောင်း၊ အဆိုပါ မြေသားလမ်းဟာ မွန်မြစ် အနောက်ကမ်းမှ ကွန်ရကမ်းသည် ဖလန်-ရေယာဉ်-ကွန်းကြီး-သပေါ့-ညောင်ဖော်-ကွန်းပေါက်-ရိုကုန်းပျောက်-ခြင်းဝင်းကျေးရွာ အုပ်စုရှစ်အုပ်စုနှင့် မွန်မြစ်အရှေ့ ဘက်ခြမ်းမှ သူကြီးသာ-ကွန်းကြီး- ချောင်းများ ကျေးရွာအုပ်စု ရှစ်အုပ်စု စုစုပေါင်း ကျေးရွာအုပ်စု ၁၆ အုပ်စုတို့မှ ပြည်သူများ အားကိုး အားထားပြုနေရသော လမ်းဖြစ်ေသော်လည်း မြေသားလမ်းဖြစ်၍ မိုးရာသီ ကာလတွင် ဒေသခံများ၏ ပညာရေး၊ ကျန်းမာရေး၊ သယ်ယူပို့ဆောင်ရေးတို့တွင် အခက်အခဲ များစွာ ကြုံတွေ့နေရပါကြောင်း၊ ထို့ကြောင့် ယင်းလမ်းကို ရာသီမရွေးသွားလာနိုင်သော ကျောက်ချောလမ်းအဆင့်သို့ တိုးမြှင့် ဆောင်ရွက်ပါက ကျေးရွာအုပ်စု ၁၆ အုပ်စုရှိ အိမ်ထောင်စု ၅၂၈၀ စု၊ လူဦးရေ ၁၂၁၂၀ ဦးတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုများကို ထိရောက်စွာ အကျိုးပြုမည် ဖြစ်ပါကြောင်း၊
သို့ဖြစ်ပါ၍ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုကို အမှန်တကယ်အကျိုးပြု ထိရောက် စေသော လမ်းဖြစ်သည့်အတွက်ကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ် ချောင်းဖျား-ဖက်သလက်-နွားရေ တိုက်မြေသားလမ်းအား ရာသီမရွေးသွားလာနိုင်သော ကျောက်ချောလမ်းအဖြစ် တိုးမြှင့်ဆောင်ရွက်ပေးရန် အစီ အစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။