(ဇ)-မြန်မာနိုင်ငံတွင်ရာသီဥတုဖောက်ပြန်မှုကြောင့် စိုက်ပျိုးရေး ဧရိယာများ ပျက်စီးထိခိုက်မှု မရှိအောင် မည်သို့ကြိုတင် စီမံဆောင်ရွက်ထားသည်ကို သိရှိ လိုခြင်း နှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-18

မြန်မာနိုင်ငံသည် ရာသီဥတုဖောက်ပြန်မှုဒဏ်ကို ကြီးမားစွာ ခံရမည် အဆင့်တွင် နံပါတ် (၄)နေရာတွင် ရှိနေပါကြောင်း၊  ပျက်စီးမှုအကြိမ်မှာ ၁၀ နှစ်လျှင် လေးနှစ် ပျက်စီးမှုများနှင့် ကြုံတွေ့နေရာသည်ကို တွေ့ရှိ ပါကြောင်း၊ အထူးသဖြင့် အောက်မြန်မာပြည် ဧရာဝတီ၊  ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ရေကြီးနစ်မြုပ်၍ သီးနှံများပျက်စီးမှုရှိပြီး မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးများရှိ အချို့နေရာများတွင် မိုးခေါင်ရေငတ်ဒဏ်ကြောင့် သီးနှံများ ပျက်စီးခြင်းများကြုံတွေ့ရပါကြောင်း၊

ရာသီဥတုဖောက်ပြန်မှုကြောင့် သီးနှံများပျက်စီးဆုံးရှုံးမှုမရှိစေရန် ကြိုတင် ကာကွယ်စီမံ ဆောင်ရွက် ထားပေးခြင်းသည် ကျေးလက်ဒေသဆင်းရဲနွမ်းပါးမှုလျော့ချရေးကို အထောက်အကူပြုစေပါကြောင်း၊  သို့ဖြစ်ပါ၍ ရာသီဥတုဖောက်ပြန်မှုကို အံတုနိုင်သော ဖြေရှင်းဆောင်ရွက်နိုင်သော နည်းလမ်းများစွာထဲမှ ဦးစားပေး ဆောင်ရွက်ရမည့် လုပ်ငန်းများအနေဖြင့် လယ်ယာသုံးစက်ကိရိယာများ အစားထိုးအသုံးပြုရန်၊ ထိုသို့ အသုံးပြုနိုင်ရန်အတွက် အစိုးရက ပင်မကုန်ထုတ်လမ်းများဖောက်လုပ်ပေးရေး၊  အောက်မြန်မာပြည် ရေကြီးနစ်မြုပ်မှုမရှိစေရန် တိမ်ကောနေသော မြစ်၊ ချောင်း၊ ရေမြောင်းများ တူးဖော်ပေးစေခြင်း၊ အလယ်ပိုင်းဒေသ များအား လျှိုမြောင်များ၊ ဆည်များ၊ မြောင်းများ ပြုပြင်ပေးခြင်းနှင့် အချို့ နေရာဒေသများ အဝီစိတွင်းတူးရေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ အစီအစဉ်များ ထောက်ပံ့ဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိသည်ကို တွေ့ရှိရ ပါကြောင်း၊ အစိုးရမှ ဆောင်ရွက်ပေးနေမှုများကို တွေ့ရှိရသော်လည်း ယခုထက်ပိုမို၍ အလေးထားကာ စိုက်ပျိုးရေးကဏ္ဍကြီးကို ဦးစားပေးပြောင်းလဲ ဆောင်ရွက်ရန် အထူးလိုအပ်လျက်ရှိပါကြောင်း၊  အထူးသဖြင့် တောင်သူလယ်သမားအများစုကို အကျိုးပြုစေသော လုပ်ငန်းများဖြစ်သည့် ထိခိုက်ပျက်စီးများကို ဦးစားပေးဆောင်ရွက်ဖို့လိုအပ်နေပါကြောင့်၊ အထူးသဖြင့် ရာသီဥတုဖောက်ပြန်မှုကြောင့် ပျက်စီးမှုမရှိအောင် ဦးစားပေးဧရိယာများ အလိုက် ကြိုတင်စီမံကယ်ဆယ်ရေး လုပ်ငန်းများ အထူးဆောင်ရွက်ပေးဖို့လိုပါကြောင်း၊  ဧရာဝတီတိုင်းဒေသကြီးတွင် လည်း တိမ်ကောသော ရေမြောင်းများ တူးဖော်ပေးမှုသည် အလွန်အားနည်းလျက်ရှိသည်အပြင် ကြိုတင်ကာကွယ်စီမံ ဆောင်ရွက် ထားမှုလည်း အားနည်းလျက်ရှိသည့်အတွက် စိုက်ပျိုးရေးဧရိယာများအား ပျက်စီးဆုံးရှုံးခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန် မည့်သို့ စီမံနေသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။