(ဆ)-မတူပီမြို့နယ်၊ဆဘောင်းတဲကျေးရွာသို့မဟုတ် လှုံမန်းကျေးရွာအနီးမြန်မာ၊အိန္ဒယနယ်စပ်တွင်နယ် စပ်ကုန်သွယ်ရေးစခန်းဖွင့်လှစ်ပေးနိုင်ခြင်းရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
ချင်းပြည်နယ်(တောင်ပိုင်း)၊ မင်းတပ်ခရိုင်၊ မတူပီမြို့နယ်နှင့် ပလက်ဝမြို့နယ်သည် အိန္ဒိယနိုင်ငံနှင့် နယ်နမိတ်ချင်းထိစပ်နေသော မြို့နယ်များဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် ချင်းပြည်နယ်အတွင်း ထွက်ရှိသော စိုက်ပျိုးမွေးမြူရေးအထောက်အကူများ တရားမဝင်သော နည်းလမ်းနှင့် မတူပီမြို့နယ်၊ ဆဘောင်းတဲနှင့် လှုံမန်းကျေးရွာမှ တစ်ဆင့် အိန္ဒိယနိုင်ငံ နဆိုတန်ပြည်နယ်ကို တင်ပို့ရောင်းချ နေကြသဖြင့် ချင်းပြည်နယ်အတွက် ကောက်ခံရမည့် အခွန်အကောက်များ နစ်နာဆုံးရှုံးခဲ့ရပါကြောင်း၊ ချင်းပြည်နယ်၏ ထွက်ကုန်များသည် ကုန်ခမ်းသလောက်ဖြစ်နေသည့်အပြင် ထပ်မံ စိုက်ပျိုးမွေးမြူသော ထွက်ကုန်များလည်း တရားမဝင်သောနည်းလမ်းဖြင့် အခွန်အခ မရရှိပဲ နှစ်စဉ်တင်ပို့ရောင်းချနေကြသည့် အတွက် နိုင်ငံတော်နှင့် ချင်းပြည်နယ်အတွက် ဘဏ္ဍာငွေဆုံးရှုံးပြီး နိုင်ငံတော်အတွက် ဝင်ငွေရှာပေးနိုင်ခြင်း မရှိသည့်အတွက် ချင်းပြည်နယ်သည် ဆင်းရဲဆုံးဒေသအဖြစ် သတ်မှတ်ခံရသည်ဟု ဆိုနိုင်ပါကြောင်း၊ ဒီမိုကရေစီနိုင်ငံ တည်ဆောက်မည့် နိုင်ငံအတွက် အခွန်စည်းကြပ်သောစနစ် တိကျမှန်ကန်ခြင်းသည် နိုင်ငံတော်ဘဏ္ဍာ စီမံခန့်ခွဲရေးအတွက် အရေးကြီးဆုံး ကဏ္ဍဖြစ်ပါကြောင်း၊ ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ဆဘောင်းတဲရွာနှင့် လှုံမန်းရွာအနီး မြန်မာ-အိန္ဒိယနယ်စပ်တွင် ကုန်သွယ်ရေးစခန်းတစ်ခု ဖွင့်လှစ်ပေးနိုင်မည် ဆိုပါက ချင်းပြည်နယ်သည် ပိုမိုဖွံ့ဖြိုးတိုးတက်လာပြီး တိုင်းရင်းသားများ စီးပွားရေးအမြင် ပွင့်လင်းလာနိုင်မည့် အခွင့်အလမ်းများ ရရှိနိုင်ပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ကြိုးပမ်းဆောင်ရွက် လာနိုင်ကြမည်ဟု မျှော်လင့်မိပါကြောင်း၊ ဆဘောင်းတဲရွာနှင့် လှုံမန်းရွာသည် မန္တလေးမြို့မှ မိုင်ပေါင်း ၄၃၀ ခန့်၊ ပခုက္ကူမြို့မှ မိုင် ၃၀၀ ကျော်၊ မင်းတပ်မြို့မှ ၂၀၅ မိုင်ခန့်၊ မတူပီမြို့မှ ၁၀၃ မိုင်ခန့်အသီးသီး ကွာဝေးရာ မန္တလေးမှ မတူပီအထိ ၂၂၇ မိုင်သည် ကတ္တရာလမ်းဖြစ်ပြီး မတူပီမြို့မှ လှုံမန်းကျေးရွာအထိ ၁၀၃ မိုင်ခန့်တွင် ၄၃ မိုင်သည် မြေသားလမ်းဖြစ်ပြီး မိုင် ၆၀ ခန့်သည် မော်တော်ဆိုင်ကယ်လမ်းဖြစ်ပါကြောင်း၊ မတူပီမှ လှုံမန်းကျေးရွာအထိ မိုင်ပေါင်း ၆၀ သည် စက်ယန္တရားနှင့် လွယ်လွယ်ကူကူဖောက်လုပ်နိုင်သောလမ်း ဖြစ်သော်လည်း မတူပီမှ ရေဇွာဘက်ကို ဖောက်ထားသော မိုင်ပေါင်း ၁၅၀ သည် မြေသားလမ်းဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ ချင်းပြည်နယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေနိုင်ရန်အတွက် မြန်မာ-အိန္ဒိယ စီးပွားရေး တံခါးပေါက်တစ်ခုအဖြစ် သတ်မှတ်ဖွင့်လှစ်ပေးမည်ဆိုပါက ချင်းပြည်နယ်နှင့် နိုင်ငံတော်၏ စီးပွားရေး လုပ်ငန်းများကို အထောက်အကူပြုနိုင်မည်ဟု မျှော်လင့်နေကြပါကြောင်း၊ ထို့ကြောင့် ချင်းပြည်နယ်၊ မင်းတပ် မြို့နယ်၊ ဆဘောင်းတဲ သို့မဟုတ် လှုံမန်းကျေးရွာအနီး မြန်မာ-အိန္ဒိယနယ်စပ်တွင် ကုန်သွယ်ရေးစခန်းတစ်ခု နိုင်ငံတော်မှ ဖွင့်လှစ်ပေးမည့် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။