(ခ)-ဆွမ်ပရာဘွမ် မြို့နယ်အတွင်းရှိ ပြည်ထောင်စု လမ်းမကြီးအား နွေ၊မိုး၊ဆောင်းသွားလာနိုင်သော လမ်းမကြီးအဖြစ် ဆောက်လုပ်ပေးရန် နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-18
မေးခွန်း အကြောင်းအရာ 

မိမိတို့ ဆွမ်ပရာဘွမ်မြို့နယ်တွင် ချွတ်ခြုံကျဆင်းရဲမှုနှင့် လမ်းပန်းဆက်သွယ်မှု၊ ခက်ခဲမှုများသည် အစိုးရ အဖွဲ့များတစ်ဖွဲ့ပြီးတစ်ဖွဲ့ ပြောင်းလဲအုပ်ချုပ်တာဝန်ယူခဲ့သော်လည်း မိုးတွင်းအချိန်တွင် လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက်ခက်ခဲမှုများဘယ်သောအခါမှ ပြောင်းလဲခြင်းမရှိပါကြောင်း၊ မိမိအနေဖြင့် ပြည်သူများ၏ ကိုယ်စား အကြိမ်ကြိမ်အခါခါတောင်းခံတင်ပြရာတွင် အစိုးရအဖွဲ့အနေဖြင့် ပြင်ပချေး ငွေဖြင့် တာဝန်ယူတည်ဆောက်ပေးမည်ဟု ဖြေကြားခဲ့သော်လည်း နှစ်စဉ်အကောင်အထည်ဖော်မှုမရှိသည်များကို ကြုံတွေ့ရပါကြောင်း။

ပြည်ထောင်စုအစိုးရ အဖွဲ့ကို တိုတ်တွန်းတောင်းခံလိုသော ကဏ္ဍများမှာ မည်သည့်နိုင်ငံကဖြစ်စေ၊ ချေးငှား တည်ဆောက်ပေးပါရန်၊ ထိုသို့မဟုတ်ပါကလည်း နိုင်ငံတော်အနေဖြင့် နိုင်ငံတော်ရသုံးဆိုင်ရာ ဘဏ္ဍများမှ သန်းပေါင်းနှစ်သိန်းဖြစ်စေ၊ သန်းပေါင်းသုံးသိန်းဖြစ်စေ စိုက်ထုတ်အကောင်အထည်ဖော်ပါက ပြည်ပအကူ အညီ မရရှိသော်လည်း တည်ဆောက်ပြီးမြောက် အောင်မြင်သွားမည်ဖြစ်ကြောင်းကို တင်ပြလိုပါကြောင်း၊  မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို လမ်းမကြီးသည် ချင်းပြည်နယ် ပြည်နယ်သူ/သားများအတွက်သာမက နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများအားလုံးနှင့် သက်ဆိုင်သော ပြည်ထောင်စု လမ်းမကြီးဖြစ်သည့်အတွက် ဥက္ကဋ္ဌကြီးနှင့်အတူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအနေနှင့်လည်း နားလည်သဘောပေါက် ဝိုင်းဝန်းခွင့်ပြုထောက်ခံမည်ဟု ယုံကြည်ပါကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ရသုံးဆိုင်ရာဘဏ္ဍတော်ထဲမှ ငွေလုံးငွေရင်း စိုက်ထုတ် တည်ဆောက်အကောင်အထည်ဖော်ပေးပါရန် ပြည်ထောင်စုအစိုးရအဖွဲ့အား တိုက်တွန်းတောင်းခံပါကြောင်းနှင့် အဆိုပါ တင်ပြတောင်းခံမှု အပေါ်ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စု အစိုးရအနေဖြင့် ဘယ်နည်း၊ ဘယ်ပုံ တည်ဆောက်အကောင်အထည်ဖော်ပေးမည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။