(ဂ)-မြို့နယ်စာရင်းစစ်အရာရှိအဆင့်အားရာထူး တိုးမြှင့်သတ်မှတ်ပေးနိုင်ရန် အစီအစဉ်ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းဖွဲ့စည်းပုံများတွင် မြို့နယ်အကြီးအကဲများကို လက်ထောက်ညွှန်ကြားရေးမှူး အဆင့် သတ်မှတ်ထားပြီး မြို့နယ်အဆင့် စာရင်းစစ်ရုံးတွင် လက်ထောက် ညွှန်ကြားရေးမှူးအဆင့် သတ်မှတ် ပေးထားခြင်း မရှိသည့်အတွက် မြို့နယ် စာရင်းစစ်အရာရှိက အခြားဌာနဆိုင်ရာများနှင့် ပတ်သက်သော စာရင်းအင်းများကို စစ်ဆေးရာတွင် မိမိထက်ရာထူးတာဝန်မြင့်သူကို စစ်ဆေးနေရသကဲ့သို့ ဖြစ်နေပါကြောင်း၊ ထိုကြောင့် မြို့နယ်စာရင်းစစ်အရာရှိကို လက်ထောက် ညွှန်ကြားရေးမှူးတာဝန် တိုးမြှင့်သတ်မှတ်ပေးနိုင်ခဲ့ ပါက မြို့နယ်အဆင့် အခြားသောဌာနဆိုင်ရာ အကြီးအကဲများနှင့် ရာထူးအဆင့် တူညီမည်ဖြစ်ခြင်းကြောင့် လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် ပိုမို အဆင်ပြေနိုင်မည် ဖြစ်ပါကြောင်း။ ထို့ကြောင့် မြို့နယ်စာရင်းစစ် ရုံးများတွင် မြို့နယ်စာရင်းစစ်အရာရှိအား လက်ထောက်ညွှန်ကြားရေးမှူးအဆင့် တိုးမြှင့်သတ်မှတ်ပေးနိုင်ရန် အစီ အစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။