(င)-တစ်နိုင်ငံလုံးတွင် ရှိသောကျေးရွာပေါင်း (၆၄၀၀)ကျော်မှကျဉ်းမြောင်း ကောက်ကွေ့နေသော လမ်းများအားတိုးချဲ့ဖောက်လုပ်ပေးရန်အစီအစဉ်ရှိ/ မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-18

ဦးအေးနိုင် (ဆင်ပေါင်ဝဲ)မိမိအနေဖြင့် နိုင်ငံတဝှမ်းရှိ ကျေးရွာပေါင်း ၆၄၄၀၀ ကျော်အား ခေတ်စနစ် အရ ခေတ်မီဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ လိုအပ်မည်ဟုယူဆ ရသော ကျေးရွာအတွင်းရှိလမ်းများအား လိုအပ်သလို ချဲ့ထွင် ဖောက်လုပ် ပေးရန်နှင့် စပ်လျဉ်းမေးမြန်းလိုပါကြောင်း၊    နိုင်ငံတော်ကြီးအတွက် ကျေးလက်ဒေသများပါ မကျန် အလျှင်အမြန် တိုးတက်နိုင်ရန်အတွက် လမ်းပန်းဆက်သွယ်ရေးသည်လည်း အရေးကြီးသော အချက်တစ်ချက်ဖြစ်ပါကြောင်း၊ ကျေးရွာတွင်းလမ်းများ ကျဉ်းမြောင်းကောက်ကွေ့နေ၍ နွေအခါ မီးဘေး အန္တရာယ် စိုးရိမ်ရသည့်အပြင် မီးသတ်ကားများ အတွင်းဝင်မရအောင် ကျဉ်းမြောင်းနေပါကြောင်း၊ ကျဉ်းမြောင်းနေသော ကျေးရွာ လမ်းများအား မြို့ကြီးများနည်းတူ လျှပ်စစ်မီးများ သွယ်တန်းပါကလည်း လိုအပ်သော လမ်းအကျယ် အဝန်းရှိရန်နှင့် ထိုသို့ရှိရန်လည်း ဥပဒေနှင့်အညီ နိုင်ငံတော်အစိုးရမှ အမိန့်၊ ညွှန်ကြားစာများ ထုတ်ပြန် ဆောင်ရွက်ပေးရန် အစီအစဉ်များ လိုအပ်မည်ဟု ယူဆမိပါကြောင်း၊ ထို့ကြောင့် ကျေးရွာပေါင်း ၆၄၄၃၀ ကျော်မှ လိုအပ်မည့် ကျေးရွာအတွင်း ကျဉ်းမြောင်းကောက်ကွေ့နေသော လမ်းများအား တိုးချဲ့ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် ရှိပါက ဆောင်ရွက်ပေးမည့် အချိန်ကာလကို သိရှိလိုကြောင်း မေးမြန်းပါသည်။