(ခ)-သင်္ဃန်းကျွန်း စံပြဈေးကြီးတွင် ဈေးသည်များ စည်းကမ်းတကျ ဖြစ်စေရေး မည်ကဲ့သို့ဆောင်ရွက် မည်ကို သိလိုသည် နှင့် စပ်လျဉ်းသည့် မေးခွန်း
မြန်မာနိုင်ငံတွင် ရန်ကုန်မြို့သည် လူဦးရေအများဆုံးနှင့် အသိပ်အသည်းဆုံးမြို့ဖြစ်ပြီး ကားပါမစ်များ လွပ်လပ်စွာ ချပေးနေသည့်အတွက် ကိုယ်ပိုင်ကားစီးနိုင်သူ များပြားလျက်ရှိပါကြောင်း၊ ရန်ကုန်မြို့မှ ယာဉ်ကြောများလည်း ပိတ်ဆို့လျက်ရှိပါကြောင်း၊ မြို့၏လူဦးရေနှင့် မော်တော်ကားများ များပြားလာခြင်းတို့ကို ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ လမ်းများတိုးချဲ့ခြင်း၊ လမ်းများကောင်းမွန်ရန်ပြင်ဆင်ခြင်း များလည်း ဆောင်ရွက်နေပါကြောင်း၊ သို့ရာတွင် လူစည်ကားရာ ပလပ်ဖောင်းပေါ်တွင် ဈေးဆိုင်များခင်းကျင်းရောင်းချခြင်းကြောင့် လမ်းသွားလမ်းလာများ အနှောက်အယှက်ဖြစ်ခြင်း၊ ယာဉ်အန္တရာယ်ကြုံတွေ့ ရခြင်းများ ဖြစ်ပေါ်နေပါကြောင်း၊ သင်္ဃကျွန်းစံပြဈေးကြီးမှ ဈေးသည်များသည် လူစည်ကားသော မနက်ပိုင်း၊ ညနေပိုင်းနှင့် ညအချိန်အခါတွင် ပလပ်ဖောင်းပေါ်တွင်သာမက ကားသွား တစ်လမ်းစာသာချန်ပြီး ဈေးဆိုင်များခင်းကျင်းရောင်း ချလျက်ရှိရာ ၎င်းအချိန်များတွင် ယာဉ်သွားလာမှု ခက်ခဲခြင်းနှင့် ဈေးဝယ်သူများအတွက် အန္တရာယ်အလွန်များပါကြောင်း၊ သို့ဖြစ်ပါ၍ သင်္ဃန်းကျွန်း စံပြဈေးကြီးတွင် ဈေးသည်များ စည်းကမ်းပျက်ရောင်းချနေသည်ကို သိရှိမှု ရှိ/မရှိ၊ တရားဝင်ရောင်းချခွင့်ပေးထားခြင်းရှိ/မရှိနှင့် တရားဝင်ခွင့်ပြုထားခြင်း မရှိပါက စည်းကမ်းတကျဖြစ်စေရေးအတွက် မည်ကဲ့သို့ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။